ကျည်ကာ ကား ၆ စီး ကို ဝယ် ဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါပြီ

ကျည်ကာ ကား ၆ စီး ကို ဝယ် ဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါပြီ

လက်ရှိသုံးနေတဲ့မာစီးဒီးယာဉ်တွေက ခရီးသွားယာဉ်အဖြစ် သုံးဖို့မသင့်ဟုဆို

နိုင်ငံတော်သမ္မတထံက ပေးပို့ထားတဲ့ ကျည်ကာယာဉ်ခြောက်စီးဝယ်ယူရာမှာ အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်တော်များရဲ့ ပြည်တွင်းခရီးစဉ်မှာ သုံးဖို့ လာမယ့် ဘဏ္ဍာနှစ်မှာ ဝယ်ယူဖို့ စီစဉ်ထားတဲ့ မော်တော်ယာဉ်ခြောက်စီးကို တင်သွင်းလာတဲ့အခါမှာ အထက်ပါ အခွန်တွေ ကင်းလွတ်ခွင့်ပြုဖို့ လွှတ်တော်အတည်ပြုချက် တောင်းခံခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က တင်ခဲ့တဲ့အဲဒီကိစ္စကို လွှတ်တော်မှာဆွေးနွေးထားပြီးဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အဲဒီဆွေးနွေးချက်နဲ့ပတ်သက်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လာရောက်ရှင်းလင်းခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက မာစီးဒီးကျည်ကာကား နှစ်စီး ဝယ်ယူထားပြီးဖြစ်လို့ အခု ကျည်ကားကား ၆ စီးအစား ၂ စီးပဲဝယ်ဖို့ ပြီးခဲ့တဲ့အစည်းအဝေးမှာ ဆွေးနွေးထားသလို ပြည်သူ့ လွှတ်တော် အမတ် ဦးဘိုကြီးကလည်း ပိုလျှံလာမယ့် ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ပြန်သုံးမှာလဲလို့ မေးခွန်းထုတ်ထားပါတယ်။ ဒါတွေကို ဦးမောင်မောင်ဝင်းက တစ်ပါတည်းရှင်းလင်းသွားခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ဝယ်ယူထားတဲ့ မာစီးဒီး ကျည်ကာကားတွေဟာ ဆလွန်း အမျိုးအစားဖြစ်ပြီး နိုင်ငံတော်အဆင့် အစည်းအဝေးတွေ၊အခမ်းအနားတွေမှာ နိုင်ငံတော်အကြီးအကဲတွေအသုံးပြုဖို့နဲ့ နိုင်ငံတော်အဆင့် ဧည့်သည်တော်တွေအသုံးပြုဖို့ အဆောင်အယောင်အဖြစ် အသုံးပြုနေတာဖြစ်ပြီး ခရီးသွားယာဉ်အဖြစ် အသုံးပြုဖို့မသင့်ဘူးလို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

“ယခုဝယ်ယူမယ့် တိုရိုတာ လန်ခရူဆာ ဘူးလက်ပရုဖ်မော်တော်ယာဉ်ခြောက်စီးဟာ ခရီးသွားယာဉ်များ အဖြစ် အသုံးပြုမှာဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများရဲ့ ပြည်တွင်းခရီးစဉ်များ၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များလာရောက်တဲ့ခရီးစဉ်တွေမှာ ယာဉ်စီးရေ လုံလောက်စွာစီစဉ်ပေးနိုင်ရန်နဲ့ လိုအပ်တဲ့အခါ အချိန်နဲ့တပြေးညီအစားထိုးလဲလှယ်အသုံးပြုနိုင်ရန်အတွက် အရန်ယာဉ်အဖြစ် ထားဖို့အတွက်ပါ စုစုပေါင်း ၆ စီး ဝယ်ယူရခြင်း ဖြစ်ပါတယ်” လို့ ဦးမောင်မောင်ဝင်းက လွှတ်တော်မှာရှင်းလင်းပါတယ်။

ဒီယာဉ်တွေဟာ ဦးစိုးသိန်းဆွေးနွေးခဲ့သလို ဒုသမ္မတတွေအတွက် ထုတ်ပေးထားတဲ့ယာဉ်တွေမဟုတ်ဘဲ နိုင်ငံ့အကြီးအကဲတွေဧည့်သည်တွေအတွက် ပြည်တွင်းခရီးတွေအတွက်သုံးမှာဖြစ်ပြီး အစိုးရဌာနတွေမှာပဲ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီယာဉ်တွေကို ဒီအစိုးရလက်ထက်သာမက နောင်တက်လာမယ့်အစိုးရတွေလည်း သုံးနိုင်မှာဖြစ်တယ်လို့ ဦးမောင်မောင်ဝင်းက ရှင်းလင်းပါတယ်။

ဘာကြောင့် ဂျပန်နိုင်ငံထုတ်ယာဉ်အမျိုးအစား ဝယ်တာလဲ

ဂျာမနီထုတ်ယာဉ်တွေဝယ်သင့်ကြောင်း ဆွေးနွေးချက်နဲ့ပတ်သက်လို့ ဦးမောင်မောင်ဝင်းက ယာဉ်တွေကို ဝယ်ဖို့စဉ်းစားတဲ့အခါမှာ ယာဉ်အမျိုးအစားတွေရဲ့ အားနည်းချက် ၊ အားသာချက်တွေကို အကုန်ထည့် သွင်းစဉ်းစားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို လေ့လာတွေ့ရှိချက်တွေအရ အခွန်အခမပါ မာစီးဒီးကျည်ကာတစ်စီးဟာ အမေရိကန် ဒေါ်လာ၂၇၄,၅၀၀ ခန့် ကျသင့်ပြီး တိုယိုတာလန်ခရူဆာကတော့ တစ်စီး အမေရိကန်ဒေါ်လာ ၁၂၂,၆၅၃ ဒေါ်လာခန့်သာ ကျသင့်မှာ ဖြစ်လို့ ဈေးနှစ်ဆ ကွာနေတယ်လို့ ဒုဝန်ကြီးက လွှတ်တော်ကို ရှင်းပါတယ်။

ဒါကြောင့် နိုင်ငံတော်ဘဏ္ဍာကို တက်နိုင်သမျှ ခြိုးခြံချွေတာရအောင်နဲ့ ယာဉ်အပိုပစ္စည်းရရှိဖို့လွယ်ကူတဲ့ ဂျပန်ထုတ် ကျည်ကာကား ဝယ်ရတာဖြစ်တယ်လို့ သူက ရှင်းပါတယ်။

အခွန်ကင်းလွတ်ခွင့်ရလို့ ဘဏ္ဍာငွေက ပိုထွက်လာမှာလား

ဒီကျည်ကာကားတွေအတွက် အခွန်ကင်းလွတ်ခွင့်ပြုမယ်ဆိုရင် သက်သာသွားမယ့် ငွေလုံးငွေရင်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၃၁၅သိန်းကို ပြန်အပ်မအပ်နဲ့ တခြားအသုံးစရိတ်ခေါင်းစဉ်နဲ့ပြောင်းသုံးဖို့ရှိ မရှိမေးမြန်းချက်အပေါ်လည်း ဒုဝန်ကြီးက ခုလို ပြန်ရှင်းသွားပါတယ်။

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဒီမော်တော်ယာဉ် ၆ စီးဝယ်ဖို့အတွက် ဘဏ္ဍာငွေလျာထားစဉ်ကတည်းက အခွန်ကင်းလွတ်ခွင့်ကိုပါထည့်သွင်းတွက်ချက်ခဲ့တာဖြစ်လို့ ဒီ အမေရိကန်ဒေါ်လာ ၄.၂၃၁၅ သိန်းဟာ ပိုလျှံ လာမှာမဟုတ်ပါဘူး။ ပိုလျှံငွေအနည်းငယ်သာရှိနိုင်ပြီးတော့ အဲဒီပိုလျှံငွေကိုလည်းပဲ လုပ်ထုံးလုပ်နည်း နဲ့အညီ ပြန်လည်အပ်နှံသွားပါမယ်” လို့ ဦးမောင်မောင်ဝင်းက ရှင်းလင်းပါတယ်။

ဒါကြောင့် ဒီယာဉ် ၆ စီးအတွက် အထူးကုန်စည်ခွန် အမေရိကန် ဒေါ်လာ ၃.၆၇၉၆ ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ဝ.၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ဒုဝန်ကြီးက ပြည်ထောင်စု လွှတ်တော်ရဲ့အတည်ပြုချက်ကို တောင်းခံခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုလွှတ်တော်က စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၅၉ ကန့်ကွက်မဲ ၁၈၈ မဲ၊ ကြားနေ ၃ မဲနဲ့ ထောက်ခံမဲများလို့ အတည်ပြုခဲ့ပါတယ်။

“နိုင်ငံမှာ လိုအပ်ရင်မဖြစ်မနေသုံးရမယ့်အရာဆိုရင်တော့ ကန့်ကွက်စရာမရှိပေမယ့် အရန်ဆိုတာ လိုမှ သုံးမှာလေ။ အမှန်ဆို မဖြစ်မနေသုံးရမယ့်၊ ဝန်ဆောင်မှုပေးရမယ့်အရာတွေဆိုရင်တော့ ဝယ်ပေါ့။ နိုင်ငံ တော်အကြီးအကဲတွေအတွက် သုံးမယ်ဆိုတာထက်

ကျွန်မတို့ ဒေသမှာ ကလေးတွေတောင်မှ အနွေးထည် မဝတ်နိုင်တဲ့အခြေအနေမှာ နိုင်ငံတော်အကြီးအကဲတွေအတွက် bullet Proof ကျည်ကာကား ၆ စီးတောင် ဝယ်တာက လက်ညှိုးထိုးစရာဖြစ်လာမှာပါ။ လတ်တလောသုံးရမယ့်ဟာမဟုတ်ဘဲ ပိုလျှံအဖြစ် တားထာ ဆိုရင်တော့ အစိုးရကခြွေတာသင့်တဲ့ငွေလို့ မြင်တယ်” လို့ အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေက ပြောပါတယ်။

BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *