အသံဝင်ပြီး လည်ချောင်း နာတာမျိုး ဖြစ်ခဲ့ရင် အိမ်တွင်းနည်းလမ်းနဲ့ ကုနည်း

ဒီနည်းလမ်းလေးတွေနဲ့ အရင်ဆုံး သက်သာအောင် လုပ်ကြည့်ပါ။ လည်ချောင်းနာနေပြီဆိုတဲ့အချိန်မှာ အသံကုန်ဟစ်တာတွေ မလုပ်သေးဘူး လည်ချောင်းကို ခဏတော့ အနားပေးနော်။

ချစ်တို့ရေ ခုကာလမှာ အသံဝင်တာတို့ လည်ချောင်းနာတာအပြင် အသံမထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်နော်။ အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ အသံဝင်တာ လည်ချောင်းနာတာတွေ ဖြစ်လာရင် ဘယ်လိုတွေ ခံစားရမလဲ အိမ်တွင်း နည်းလမ်းနဲ့ ဘယ်လို ကုသလို့ ရမလဲဆိုတာတွေ ပြောပြပေးလိုက်ပါတယ်။

အသံဝင်တာနဲ့ လည်ချောင်းနာခြင်း
အသံကုန် အော်ဟစ်ထားလို့ပဲ ဖြစ်ဖြစ် အာသီးရောင်ရမ်းတာ အသံအိုးရောင်ရမ်းတာတွေ ဖြစ်တဲ့အခါမှာ အသံဝင်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အပူအအေး မမျှတဲ့အခါမှာလည်း လည်ချောင်းနာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်မယ်ဆိုရင် အစားအစာနဲ့ ရေမျိုချရတာကအစ ခက်ခဲပြီး စကားပြောရတာလည်း ခက်ခဲလာနိုင်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်မလဲ
ဆားရည်ပလုတ်ကျင်းပါ
လည်ချောင်းနဲ့ ပတ်သက်လာရင် ဆားပလုတ်ရည် ကျင်းတာက အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ဆားရည်က လည်ချောင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အပြင် ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ အသံဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားနဲ့ ရေနွေးကို ရောပြီး အာခေါင်ထဲထိ ရောက်အောင် ပလုပ်ကျင်းပေးပါ။

ဂျင်း
ဂျင်းကလည်း လည်ချောင်းနာတာအတွက် တကယ်ဆေးဖက်ဝင်ပါတယ်။ ဂျင်းကလည်း လည်ချောင်းနာတာနဲ့ အသံဝင်တာကို သက်သာစေပါတယ်။ အသံအိုးရောင်ရမ်းတာနဲ့ အာသီးရောင်တာကို သက်သာစေတဲ့အတွက် ဂျင်းပြုတ်ရည် နွေးနွေးလေး သောက်ပေးတာမျိုး လုပ်ပေးပါ။ ဂျင်းပြုတ်ရည်ကို တနေ့ တခွက်လောက်ပဲ သောက်ပေးပါ။

ကြက်သွန်ဖြူကလည်း လည်ချောင်းအတွက် ကောင်းတဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူကို အရည်ညှစ်ပြီး သောက်ပေးတာမျိုး ကြက်သွန်ဖြူမီးဖုတ်စားတာနဲ့ ကြက်သွန်ဖြူပါတဲ့ အစားအစာ များများစားတာမျိုးက လည်ချောင်းနာတာအတွက် ထိရောက်တဲ့ ကုသနည်းပါ။ ခံတွင်းနံ့တော့ ပြင်းတာမလို့ စားပြီးတဲ့အခါ ခံတွင်းသန့်ရှင်းရေး လုပ်ပေးပါ။

အသံဝင်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်လာပြီဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ အရင်ဆုံး သက်သာအောင် လုပ်ကြည့်ပါ။ လည်ချောင်းနာနေပြီဆိုတဲ့အချိန်မှာ အသံကုန်ဟစ်တာတွေ မလုပ်သေးဘူး လည်ချောင်းကို ခဏတော့ အနားပေးနော်။

Add a Comment

Your email address will not be published. Required fields are marked *