ပြည်သူများ လိုအပ်ချက် မြင့်မားနေတဲ့ အောက်စီဂျင်ဖြည့်သွင်းမှု ရပ်ဆိုင်း ရန် စစ်ကောင်စီ က ညွှန်ကြားထား
|ရန်ကုန်ရှိ အောက်စီဂျင်ဖြည့်သွင်းပေးနေသော စက်ရုံများတွင် ပုဂ္ဂလိကပြည်သူများသို့
အောက်စီဂျင်ဖြည့်သွင်းပေးမှု ရပ်ဆိုင်းရန် စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းမှစတင်၍
ညွှန်ကြားလိုက်ပြီး ရန်ကုန်ရှိ အောက်စီဂျင်ဖြည့်ပေးသည့် စက်ရုံအများစု
ယနေ့ နံနက်မှစတင်၍ ရပ်ဆိုင်းလိုက်ရကြောင်း ကိုဗစ်ဝေဒနာရှင်များကို
အခမဲ့ကုသပေးနေသည့် CDM ဆရာဝန်များနှင့်ပရဟိတအဖွဲ့တချို့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တောင်ဒဂုံစက်မှုဇုန်ရှိ အောက်စီဂျင်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီက
အောက်စီဂျင်များ မဖြည့်ပေးရန် ရပ်ဆိုင်းခိုင်းသည်မှာ မှန်ကန်ကြောင်းပြောဆိုသည်။
“ဆေးရုံကြီးနဲ့ ကိုဗစ်စင်တာတွေအတွက် အောက်စီဂျင်အိုးတွေ လာပို့မယ်။
အဲဒါတွေကို အရင်ဖြည့်ပေး။ အဲဒါတွေက ဦးစားပေး ဖြည့်ပေးဖို့။
အဲလိုမဖြည့်ပေးလို့မရဘူး။ အပြင်ကို ဖြည့်တာကို ခဏရပ်ထားရမယ် ပြောတယ်။
အခုလော လောဆယ် ရပ်ထားတယ်။ လာပြောတာက ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
ရဲနဲ့ ဗိုလ်ကြီးတစ်ဦးပါတယ်။ စစ်ကားနဲ့လာတယ်” ဟု အောက်စီဂျင်စက်ရုံတာဝန်ရှိသူက ပြောသည်။
တောင်ဒဂုံ အေးမြစေသား O2 အဖွဲ့ကမူ အောက်စီဂျင်စက်ရုံတချို့တွင်
အများပြည်သူအတွက်၊ အစိုးရဆေးရုံကြီးများအတွက် ဟူ၍ ပုံစံနှစ်မျိုးဖြင့်
အောက်စီဂျင်ဖြည့်ပေးသွင်းနေကြကြောင်း၊ အောက်စီဂျင် လိုအပ်ချက် မြင့်တက်နေကြောင်း ပြောဆိုသည်။
“တစ်အိမ်ကို အောက်စီဂျင်က နှစ်အိုးဆောင်ကြတယ်။
တစ်အိုးက ရှုတယ်။ တစ်အိုးက အရန်ပေါ့။ အဲဒီတော့ လိုအပ်ချက်က ကြီးတယ်။
တောင်ဒဂုံက စက်ရုံတွေမှာတော့ ပြည်သူအတွက်နဲ့ အစိုးရဆေးရုံတွေဘက်ကို သူတို့ နေရာနှစ်ခုခွဲပြီး ရောင်းနေတာတွေလည်း ရှိတယ်။
ကျမတို့ အေးမြစေသား O2 အဖွဲ့ကလည်း အခုထက်ထိ အောက်စီဂျင်ဖြည့်နေရတယ်” ဟု
အေးမြစေသား O2 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန် မေတ္တာပါရမီ ပရဟိတအသင်းမှ အဖွဲ့ဝင်တစ်ဦးက လက်ရှိတောင်ဒဂုံတွင်
အောက်စီဂျင် ဖြည့်သွင်းရန် စောင့်ဆိုင်းနေကြောင်း၊ ၃ နာရီကျော်ကြာမြင့်နေပြီဖြစ်သော်လည်း
အောက်စီဂျင်ဖြည့်သွင်း၍ မရသေးကြောင်း၊ နေရာအများစုတွင် အောက်စီဂျင် ဖြည့်သွင်း၍ မရတော့ကြောင်း ပြောဆိုသည်။
“ကျနော့်ရှေ့မှာ စောင့်နေတာလည်းအများကြီးပဲ။
တောင်ဒဂုံ အင်းယားဆိုင်မှာ။ စက်ရုံတွေမှာ မရတော့လို့ ဆိုင်မှာ လာစောင့်နေတာ။
၃ နာရီလောက်ကြာနေပြီ ကျနော့်ရှေ့မှာလည်း ပွကျဲနေတာပဲ တန်းစီနေကြတာ” ဟု ပြောဆိုသည်။
“စစ်ကောင်စီ က ပြည်သူ ကို ရန်သူ လို့ မြင်နေတာလား။
ဒါမှမဟုတ် တော်လှန်ရေးကို အာရုံ မစိုက် နိုင်အောင် ဒုက္ခ တွေထဲမှာ ပြည်သူတွေကို နေခိုင်းတာလား။
မပြောတတ်ဘူး။ ဒီညွှန်ကြားချက်ကတော့ ပြည်သူတွေ စစ်ကောင်စီ ကို ပို စိတ်နာ စေတာတော့ အမှန် ပဲ။
ပြည်သူကို မကူဘဲ ပို ဒုက္ခ ရောက်အောင် လုပ်တာ ရှင်းနေတာပါပဲ” ဟု
ကိုဗစ်လူနာများကို အခမဲ့ကုသမှု ပေးနေသည့် ဆရာဝန်တစ်ဦးက ပြောဆိုသည်။
ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးကလည်း
လက်ရှိ ရန်ကုန်တွင် အောက်စီဂျင်စက်ရုံများကို အောက်စီဂျင်ဖြည့်သွင်းမှု ရပ်နားထားရန် ပြောဆိုမှု အမှန်တကယ်ဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။
“အခုက ပုဂ္ဂလိက တစ်ပိုင်တစ်နိုင် ဆိုင်လေးတွေပဲ အောက်စီဂျင် ဖြည့်ပေးတော့တယ်။
စက်ရုံကြီးနဲ့ဟာမျိုးတွေ အကုန်ရပ်နေတယ်။
အဓိက အစိုးရဆေးရုံကြီးနဲ့ သူတို့စင်တာတွေအတွက် အရင်ဖြည့်ပေးရမယ်။
အဲဒါတွေ ပြည့်အောင်ဖြည့်ပြီးမှ လုပ်ပေါ့။ အဲဒါ မလိုက်နာရင် မီးဖြတ်မယ် ပြောတယ်။
ကျနော်တို့တောင် အခု တစ်ပိုင်တစ်နိုင် အသေးစားဆိုင်လေးတွေမှာ လိုက်ဖြည့်နေရတယ်။
စက်ရုံတွေ တော်တော်များများ ရပ်နေတယ်” ဟု ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တွင် လက်ရှိ အောက်စီဂျင် ပြတ်လပ်မှု ဖြစ်ပွားလျက်ရှိကြောင်း ပရဟိတအဖွဲ့အများစုထံမှ စုံစမ်းသိရှိရသည်။
“အခု ဆေးရုံတွေမှာ ကိုဗစ်လူနာလက်မခံနိုင်တော့ လူတွေက Oximeter နဲ့တိုင်းပြီး
SPO2 ၉၄ အောက်ဆိုတာနဲ့ ကိုယ့်ဟာကိုယ် အောက်စီဂျင်ရှုကြတယ်။
အများစုသက်သာသွားကြတော့ အောက်စီဂျင် ရဖို့ အားလုံးက ကြိုးစားနေကြတာ။
တစ်နေ့ကို အောက်စီဂျင်လိုချင်လို့ ခေါ်တဲ့ ဖုန်းအရေအတွက်က ၁၀၀ အထက်မှာရှိနေတယ်။
ကျနော်တို့ ရှိသလောက်တော့ ကူပေးတယ်။ ဒါပေမယ့် အရမ်းများတော့ မနိုင်ဘူး။
စက်ရုံတွေက အခု အောက်စီဂျင်ဖြည့်မပေးတော့ အတော်ခက်နေပြီ” ဟု ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းရွှေပြည်သာ UNITY အောက်စီဂျင်စက်ရုံတွင်
အစိုးရဆေးရုံများသို့ အောက်စီဂျင် ပေးသွင်းရန်အတွက် ပုဂ္ဂလိက ပြည်သူများသို့
အောက်စီဂျင်ဖြည့်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီတပ်များရောက်ရှိလာကြောင်း သိရှိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းက ယမန်နေ့ညနေပိုင်းက တည်းက
အောက်စီဂျင် ဖြည့်သွင်းပေးမှု ရပ်ဆိုင်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ကျန်းမာရေးဌာနထံ အောက်စီဂျင်စက်ရုံများ အောက်စီဂျင်ဖြည့်သွင်းရန်
ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြိး မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
ရန်ကုန်ခေတ်သစ်သတင်းဌာန