ရေနဂါးလေးတွေအကြောင်း သို့မ ဟုတ် ဘုရင်ပြောက်ကြား-ရေနဂါးလေးတွေ မင်းကိုနိုင်
|“ရေနဂါးလေးတွေအကြောင်း”
ညီ-ညီမသို့
အစ်ကိုတို့တက္ကသိုလ်က
သတ္တဗေဒဌာနရဲ့
အမှတ်တရတံဆိပ်ကိုသိကြလား
“ရေနဂါး”လေးတွေပေါ့
အရင်က
လောကကြီးမှာ အမေတွေကပဲကလေးမွေးတယ်ထင်ခဲ့တာ
ရေနဂါးလေးတွေကျမှ အဖေကမွေးသတဲ့
မွေးသမှ တကြိမ်ကိုထောင်ဂဏန်းချီဗျ
ကိုယ်တို့မျက်လုံးတွေကျယ်ခဲ့ရ။
ရေသတ္တဝါတွေထဲ
ထူးကဲပြီး မတ်တပ်ကြီးရပ်နေတဲ့
သူတို့တွေ ဘယ်လိုရှင်သန်အောင်နေလဲ သိလား
သူတို့က အများကြားမှာ-ထူးခြားအောင်မနေဘူး
ရန်သူရှာမတွေ့အောင် – ဝန်းကျင်အရောင်ကိုလိုက်ပြောင်းရာမှာ
ဆရာ့ ဆရာပဲ။
သူတို့ကသားကောင်ကိုထိပ်တိုက်မတွေ့
ခြုံခိုတိုက်ရာမှာလဲ ဆရာ့ဆရာ
ပြောက်ကျားမဟာဘွဲ့ရှင်တွေ။
သူတို့က
အကောင်တော့သေးသေးဘဲ
ဒါပေမဲ့အထင်မသေးလိုက်နဲ့
အမောက်ကနေ အမြီးဖျားထိ
ဆူးသံချပ်ကာဝတ်စုံနဲ့ဗျ။
ဘာရယ်ဟုတ်ပါဘူးလေ
သက်တမ်းပြည့်သေရင်တောင်
ဧည့်ခမ်းဆောင်အလှချိတ်စရာ
ခန္ဓာရုပ်ကြွင်းကို
အမှတ်တရလက်ဆောင်နှင်းတဲ့
ရေနဂါးလေးတွေအကြောင်း
ပြောပြတာပါ
အဲဒါ-ပြောတာပါ။
စာကြွင်း
(ဘုရင်ပြောက်ကြား-ရေနဂါးလေးတွေဟာ
သူတို့အကျင့်အကြံကို အွန်လိုင်းမတင်တဲ့အကြောင်း
ပြောဖို့တော့ကျန်သွားတယ်)
အစ်ကိုကြီး
မင်းကိုနိုင်
၂၄.၇.၂၀၂၁