စစ်ကောင်စီ ရဲ့ အနားပေးခြင်း ခံရတာ့ မယ့် အမေသက်

အကြမ်းဖက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့တွင် ခန့်အပ်ခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်၊ နိုင်ငံရေးဝါရင့်သူ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားအစုအဖွဲ့အဖြစ် မန်းငြိမ်းမောင်နှင့် လူကယ်ပြန်ဝန်ကြီးအဖြစ် ဒေါက်တာသက်သက်ခိုင်တို့ကို တာဝန်မှ အနားပေးမည်ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ဝန်းမှ သိရသည်

အကြမ်းဖက် စစ်ကောင်စီသည် ယခုလ ၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီကို မဖျက်သိမ်းဘဲ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ပြီးနောက် ၎င်းတို့ကို လာမည့်အပတ်အတွင်း အနားပေးမည်ဟု နေပြည်တော်ရှိ အရာရှိတစ်ဦးက ပြောသည်

ဒေါက်တာသက်သက်ခိုင်ကို သြဂုတ်လ တစ်ရက်နေ့ထဲက နုတ်ထွက်စာ တင်ခိုင်းထားကြောင်း၊ ကြားကာလတွင် သူမက ဝန်ကြီးဌာန အစည်းအဝေးများ တက်ရောက်နေကြောင်း စစ်ကောင်စီ မီဒီယာမှ ပြသခဲ့သော်လည်း အတွင်းတွင် မည်သူ့ကို အစားထိုးရမည်ကို ရွေးချယ်နေသဖြင့် ကြန့်ကြာနေခြင်းဟု ၎င်းအရာရှိက MPA သို့ပြောသည်

“ကြားတာက သြဂုတ် ၁ ရက်ထဲက။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးနေသေးလို့ ကြာနေတာ။ စစ်ကောင်စီက မဖျက်သေးဘဲ အိမ်စောင့်အစိုးရ လုပ်တာမှာ မူအားဖြင့် မညီညွတ်တာတွေ တင်ပြလာတာရှိနေတယ်။ ဥပဒေနဲ့ မညီလို့ ဆိုတာမျိုးတွေပေါ့။ ကျန်တာတော့ ကျွန်မတို့လည်း မသိရသေးဘူး” ဟု သူကဆိုသည်

ဒေါက်တာသက်သက်ခိုင်သည် အရပ်သားအစိုးရ လက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော်လည်း ပါတီတွင်း စည်းကမ်းဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်

ထို့နောက် ၎င်းသည် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ကာ ဥက္ကဌအဖြစ်ဆောင်ရွက်ရင်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သူဖြစ်သည်

ထို့အတူ မန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင် ဖြစ်ခဲ့ခြင်းမှ ဦးသိန်းစိန်လက်ထက် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း စစ်တပ်အကြီးပိုင်းရှိ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအောင်သောင်းတို့နှင့် လက်ပွန်းတတီးရှိခဲ့သူဖြစ်ပြီး စစ်တပ်နှင့် အလွန်နီးစပ်ခဲ့သူဖြစ်သည်

ဦးသိန်းညွန့်သည် ယခင်က NLD ပါတီ၏ ထိပ်သီးပိုင်းတွင်ပါဝင်ခဲ့သော်လည်း စစ်တပ်၏ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန်မတိုင်ခင် NLD ပါတီနှင့် အကွဲအပြဲဖြစ်ကာ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် နိုင်ငံရေး ထိုးနှက်ချက်မျိုးစုံ ပြုလုပ်ပြီး စစ်တပ်ဘက် ရပ်တည်လာခဲ့သည်

ထို့အတူ ဦးခင်မောင်ဆွေကလည်း ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသာမက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထောက်အပံ့များဖြင့် ပါတီကိုရပ်တည်ခဲ့ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုထားသည်

Add a Comment

Your email address will not be published. Required fields are marked *