တွေ့ဆုံညှိနှိုင်းရေးကို သိပ်အားကိုး လို့ မရတော့ဘူး လို့ ကေအန်ယူဥက္ကဋ္ဌပြော

စစ်တပ်အာဏာသိမ်းမှုကြောင့် တွေ့ဆုံညှိနှိုင်းရေးအပါအဝင် နိုင်ငံရေးလုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်နေပြီး နိုင်ငံရေးအရတွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကို သိပ်ပြီးအားကိုးလို့မရတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင့်အာဇာနည်နေ့အတွက်ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြစ်ဖြေရှင်းလိုသည့်ဆန္ဒ (Political Will) မရှိရင် နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိုနှိုင်းအဖြေရှာတဲ့နည်းလမ်းကို သိပ်ပြီးအားထားလို့မရတော့ဘူးလို့ သြဂုတ်လ ၁၂ ရက်နေ့မှာကျရောက်မယ့် ၇၁ နှစ်မြောက်ကရင့်အာဇာနည်နေ့သဝဏ်လွှာမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အခုလိုထည့်သွင်းရေးသားထားပါတယ်။

နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတွက်တံခါးဖွင့်ထားပြီး တစ်ဖက်မှာလည်း ကရင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် နေရပ်ဒေသကိုကာကွယ်စောင့်ရှောက်ရမယ်လို့ သူကတိုက်တွန်းပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ သတ်ဖြတ်မှုတွေက မြို့ပြဒေသအထိ ကျယ်ပြန့်လာခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကရင့်လက်နက်ကိုင်တော်လှန်ရေးကာလမှာ ခေတ်အဆက်ဆက်က ကေအန်ယူခေါင်းဆောင်တွေကြားမှာ မပြေလည်မှုတွေ၊ အခက်အခဲတွေ၊ အဖွဲ့အစည်းပြိုကွဲအောင်သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူအဖွဲ့အစည်းအားနည်းသွားအောင်၊ စည်းလုံးမှုပြိုကွဲအောင် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်ခဲ့တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဒီလိုအခက်အခဲတွေရှိနေပြီး လုပ်ဖော်ကိုင်ဖက်တွေမှာလည်း နိုင်ငံရေးဗဟုသုတ၊ အသိပညာပေးမှု၊ ငွေကြေးအခက်အခဲတွေလည်းရှိနေပါတယ်။ ဒါတွေဟာ လုပ်ဖော်ကိုင်ဖက်အကြားမှာယုံကြည်မှု၊ စည်းလုံးညီညွှတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုကို ထိခိုက်စေတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ကရင်ပြည်သူတွေ၊ ရဲဘော်ရဲဘက်တွေ၊ ခေါင်းဆောင်တွေ၊ အာဇာနည်သူရဲကောင်းတွေက ကရင့်တော်လှန်ရေးအတွက် အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့ကြပါတယ်။

အသက်ပေးဆပ်ခဲ့သည့် အာဇာနည်ခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ပြည့်ဝလာအောင်ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်နဲ့ ပြည်တွင်းပြည်ပကရင်လူမျိုးတွေမှာ တာဝန်ရှိတယ်လို့ ကေအန်ယူဥက္ကဋ္ဌက ဆိုပါတယ်။

ကရင်လူမျိုးတွေရဲ့သမိုင်း၊ ရိုးရာဓလေ့၊ စာပေနှင့် ယဉ်ကျေးမှုတွေ မပျက်စီး၊ မပပျောက်အောင်ကာကွယ်ထိန်းသိမ်းဖို့ ကရင်လူမျိုးတွေအားလုံးမှာတာဝန်ရှိတယ်လို့ သူက တိုက်တွန်းလိုက်ပါတယ်။

၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ကေအန်ယူခေါင်းဆောင်စောဘဦးကြီးအပါအဝင် ကရင်ခေါင်းဆောင်တချို့ကျဆုံးခဲ့လို့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားကျင်းပကြပါတယ်။

Credit – Salween Press

Add a Comment

Your email address will not be published. Required fields are marked *