လူထုထောက်ခံမှုမ ရှိ ဘဲ အခု လို အုပ်ချူပ်ခွင့်ရမှာ မဟုတ်ဘူးလို့ စစ်ကောက်စီခေါင်းဆောင် ဆို

ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ဖြင့်အနိုင်ကျင့်ပြီး လူထုအား အကြောက်တရားနဲ့ အုပ်ချုပ်တာမျိုးကို မလိုလားကြောင်းနဲ့ တပ်မတော်အနေနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သာ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်ကပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောသွားတာပါ

မိမိတို့အနေနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက်စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်း မွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက်ပွဲလမ်းသဘင်တွေနဲ့ ပျော်ရွှင်မှုတွေရှိရမှာ ဖြစ်လို့မျှော်မှန်းဆောင်နေကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ကြိုးစားဆောင်ရွက် မယ်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေမှာ အလယ်အလတ် အဆင့်သို့ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ရောက်ရှိနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်မှစပြီး အခုအချိန်အထိ ရာနှုန်းပြည့်ငြိမ်းချမ်းမှုမရရှိသေးကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဒီမိုကရေစီရဲ့ အခြေအနေ ကိုနားလည်ဖို့နဲ့ နိုင်ငံရဲ့ ပကတိအခြေအနေအား နားလည်ဖို့လိုအပ်ကြောင်းလည်း ဒီမိုကရေစီသဘောတရားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီဝင်တွေကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်

ဒါ့အပြင် ကောင်စီဝင်တွေအနေနဲ့ နိုင်ငံရေးအရပကတိ အခြေအနေ၊ စီပွားရေးအရပကတိ အခြေအနေ၊ နိုင်ငံတကာဆက်ဆံရေး ပကတိအခြေအနေပေါ် စဉ်းစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးအတွက် ထိရောက်စွာဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ လွတ်လပ်စွာတွေးခေါ်ပြီး နိုင်ငံအတွက် ဖြစ်သင့်တဲ့ စကားမျိုး၊ ဖြစ်သင့်တဲ့အလုပ်မျိုးတွေဆောင်ရွက်ဖို့ လည်း တိုက်တွန်းပြောသွားပါတယ်

လက်ရှိနိုင်ငံရဲ့ စီးပွားရေးပတ်သက်လို့ ပို့ကုန် သွင်းကုန်ကဏ္ဍ ကျဆင်းနေပေမဲ့ နယ်စပ်ကုန်သွယ်မှုတိုးတက်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပုံမှန်ကုန်သွယ်ရေး Normal Trade ပုံစံ ရောက်ရှိ အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်

ကိုဗစ်–၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းမှုကြောင့် ရုံးတွေ နှစ်ပတ်တက်နှစ်ပတ်နားစနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ရောဂါကူးစက်မှုရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်ရှိမှသာ စိတ်ချရတဲ့အခြေ အနေဖြစ်လို့ စာသင်ကျောင်းတွေ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားမှာ ဖြစ်ပြီး တရုတ်ကလှူတဲ့ စီနိုဗက်ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ၂ သန်းကို အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသား၊ ကျောင်းသူတွေကို ထိုးနှံပေးမယ်လို့ဆိုပါတယ်

မြန်မာနိုင်ငံမှာ ယခုအခါ တစ်ရက် လျှင် ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ၃ သိန်းခန့်ထိုးနှံပေးနေပြီး၊ ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်းရရှိထားကာ စက်တင်ဘာ ၂၄ ရက် မနက်အထိ ၉၇၄၆၅၄၇ ဦးထိုးနှံပြီးပြီလို့သိရပါတယ်

ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦး ရှိပြီဖြစ်ကြောင်း၊အောက်တိုဘာလမှာ ကာကွယ်ဆေးအလုံးရေ ၁၀ သန်း ရောက်ရှိမှာဖြစ်လို့ စဉ်ဆက်မပြတ် ဆက်လက် ထိုးနှံပေးသွားမယ်လို့လည်း သိရပါတယ်

Add a Comment

Your email address will not be published. Required fields are marked *