ဝိညာဉ်များနဲ့စကားပြော သူ ဒေါ်အေးအေးမြင့်က ဟောကိန်းထုတ်
|၂၀၁၇၊ ၁၈၊ ၁၉ မှာ သဘာဝဘေးကပ်ဆိုးကြီး ကြုံရဖွယ်မြင်တယ်-ဝိညာဉ်များနဲ့စကားပြောသူ ဒေါ်အေးအေးမြင့်က ဟောကိန်းထုတ်
၂၀၁၅ နှစ်ဦးပိုင်းတွင် ဝိညာဉ်များနှင့် ဆက်သွယ်စကားပြောသူ ဒေါ်အေးအေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်းကို News Watch မှ
ဖော်ပြခဲ့သည်။ ထို့နောက်ပိုင်းတွင် ၎င်းထံသို့ လူအများယုံကြည်အားကိုး၍ မေးမြန်းသူများရောက်ရှိလာသကဲ့သို့ မယုံကြည်၍
ပညာစမ်းလိုသူများလည်း ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ယင်းအခြေအနေတွင် တရက် လူ ၂၀၀ ကျော် သူမထံ ရောက်ရှိလာ၍ အလွန်အမင်းပင်ပန်းခဲ့သည်ဟု ဆိုသည်။
၎င်းမှ နာမည်ကြီး ထင်ရှားလိုခြင်းအတွက် ပြောခဲ့ခြင်းမဟုတ်သော်လည်း ပြည်တွင်းသတင်းဌာနများ
နိုင်ငံခြားသတင်းဌာနအချို့ကပါ ဆက်သွယ်၍ သတင်းဖော်ပြခွင့်တောင်းရာ ခွင့်မပြုခဲ့ပေ။
ယင်းအပြင် လွန်ခဲ့သည့် လအနည်းငယ်ခန့်ကပင် News Watch မှ ဒေါ်အေးအေးမြင့်ထံ ဆက်သွယ်ခဲ့သော်လည်း
အင်တာဗျူးပေးရန် ငြင်းဆန်ခဲ့ရာမှ ယခု နိုဝင်ဘာလအတွင်းတွင်မှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ထူးခြားသည့်
ဟောကိန်းတခု ကြိုတင်အသိပေးလိုခြင်းကြောင့် တွေ့ဆုံရန် ခွင့်ပြုခဲ့သည်။
သူမနှင့်တွေ့ဆုံခိုက် မြန်မာနိုင်ငံအတွက် သူမ ကြိုမြင်သည့် အန္တရာယ် သတိပေးချက်အပါအဝင် တမလွန်ကိစ္စရပ်များကိုလည်း
မေးမြန်းဖြစ်ခဲ့သည်။ ထိုသို့ သူမနှင့်စကားပြောဖြစ်ခဲ့သည်များမှ ကောက်နုတ်ဖော်ပြသွားပါမည်။
ဒေါ်အေးအေးမြင့်၏ မြန်မာနိုင်ငံအပေါ် ကြိုတင်ဟောကိန်း
”ကျင့်စဉ်တခုကို ကျင့်နေရင်း ထူးခြားစွာဘာ တွေ့ရလဲဆိုတော့ ၂၀၁၇၊ ၁၈၊ ၁၉ ထဲမှာ အဓိက ၈ လပိုင်း ၉ လပိုင်းတွေမှာပေါ့၊
ကပ်ဆိုက်မယ်လို့ မြင်နေရတယ်၊ ကပ်ဆေးမယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ထူးခြားမှုတခု ပြောပြမယ်၊
ချင်းတွင်းမြစ်ထဲ စက်လှေ မမှောက်ခင် ၃ ရက်လောက်ကြိုပြီးတော့မြင်တယ်၊
အိမ်သူအိမ်သားတွေကို ပြောပြတယ်၊ အဲဒီလို အာရုံထဲပေါ်ပြီး ၃ ရက်လောက်နေတော့ မှောက်တယ်၊
ကြုံမယ့်ပုံစံက သဘာဝဘေးပုံစံတွေ ဥပမာ-နေအရမ်းပူလို့ ရောဂါကပ်ဆိုက်တာ၊ မိုးကြီးလို့ ဒါမှမဟုတ်
မုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် လူအစုလိုက် အပြုံလိုက် ဒုက္ခရောက်တာတို့ပေါ့၊ အဲလိုဖြစ်ကိန်းရှိတယ်၊
ကျွန်မပြောရင် လုံးဝမလွဲဘူး၊ ၈ လပိုင်း ၉ လပိုင်းပိုကြောက်ရတယ်၊ အဲဒါကို ပြောချင်နေတာ၊ ဒါပေမဲ့ သေချာလား၊
မသေချာလားချိန်နေတာ၊ အခုတော့ အများကိုပြောခွင့်ကြုံပြီ ”သံဗုဒ္ဓေဂါထာရဲ့အစွမ်းဟာ ဘုရားပေါင်းများစွာရဲ့
မေတ္တာ ရဟန္တာပေါင်းများစွာနဲ့ မေတ္တာဓာတ် စုစည်းထားတဲ့အရာကိုး၊ ဒါလေးကိုပွားများနေမယ်ဆိုရင် ပိုကောင်းတယ်” ဟု ဆိုသည်။
သက်ရှိလူသားများအပေါ် ဝိညာဉ် (သို့မဟုတ်) သရဲပူးကပ်နိုင်လား…
လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျောင်းသူလေးများအား အစုလိုက်အပြုံလိုက် သရဲပူးခြင်း၊
စက်ရုံဝန်ထမ်းများအား သရဲပူးခြင်း သတင်းကျယ်ပြန့်လျက်ရှိသည်။ ယင်းအခြေအနေအပေါ် ဒေါ်အေးအေးမြင့် ၏
အတွေ့အကြုံအရ သရဲပူးကပ်ခြင်းဆိုရာတွင် …..
နာမ်လောကတခုခုမှ မနေနိုင်၍ ပူးကပ်ခြင်းများရှိသော်လည်း အချို့သူများက ပူးဟန်ဆောင်၍လုပ်သူများလည်းရှိသည်ဟု ဆို၏။
ယင်းသို့သရဲပူးခြင်းအပေါ် စိတ်ကလွှတ်ပေး နေသရွေ့ ဆက်၍ပူးနေမည်ဖြစ်ပြီး အပူးခံရသူ ကိုယ်တိုင်လက်ခံလိုစိတ်မရှိလျှင် မပူးနိုင်ဟုဆိုသည်။
”သရဲပူးတာတွေ မကြာခဏကြုံလာနေတာနဲ့ပတ်သက်ပြီး တခုပြောပြမယ်။ ကျွန်မ ဟိုတုန်းက ရောဂါလည်း ကုတယ်။
အဲဒီမှာ ကလေးမလေးတယောက်က အိမ်မှာ ညနေဆိုရင် ပူးတယ်။ ပူးပြီး အင်္ကျီတွေအကုန် ဆွဲချွတ်ပစ်တာ၊
အပျိုလေးဆိုတော့ လမ်းသွားရင်လည်း ဆွဲချွတ်ရင်ချွတ်တာ။
စိတ်ကိုမနိုင်တဲ့ သဘောတွေပေါ့။ အဲဒါနဲ့ ကျွန်မဆီရောက်လာတော့ ကျွန်မ သူ့ကိုပူးခိုင်းကြည့်တယ်။
သူက ဝင်ပူးလာတယ်။ ဝင်ပူးတာမှ လျှာကြီးထွက်တဲ့အဆင့်ထိကို ပူးတာဗျာ။ ကြောက်ဖို့ အရမ်းကောင်းတယ်၊ ထုတ်လို့လည်း မရဘူး။
သူ့မှာ ခြေတွေ၊ လက်တွေအေးနေပြီ။
ကျွန်မကလည်း လက်နဲ့သူ့ရင်ဘတ်ကို ကိုင်ထားရတယ်။ အဆင်မပြေဘူး၊ မနိုင်တော့ဘူး။
အဲဒါနဲ့ သူ့နားရွက် နားကပ်ပြီးတော့ ပြောလိုက်တယ်။ နင်မကြာခင်သေတော့မှာလို့၊ နင့်စိတ် နဲ့နင်သေတော့မှာ၊
နင်မှ မလျှော့ဘူးဆိုရင် ဝိညာဉ်ဆွဲထုတ်သွားလိုက်မယ်ဆိုတော့ အဲဒီစကားတခွန်းတည်းနဲ့ ကျသွားတယ်။
ဒီလိုပဲ ကိုယ့်စိတ်ထဲမှာလွှတ်ရင် လွှတ်ပေးသလောက်ဝင်မယ်။ လွှတ်ပေးတာကို ကျေနပ် နေမယ်ဆိုရင် တချိန်ချိန်မှာ ကိုယ့်ရဲ့အသက်တောင် ပါသွားနိုင်တယ်။ အဲဒီတော့ ကိုယ့်စိတ်ကို ထိန်းပါ”ဟု ပြောပြခဲ့သည်။
လူ့ဘုံနှင့် ဝိညာဉ်ဘဝ ခြားနားချက်….
ဝိညာဉ်၊ ပရလောကနှင့် ပြိတ္တာဘုံဘဝများနှင့် သက်ရှိလူသားတို့ ဘုန်းကံများစွာ ခြားနားကြသော်လည်း အချို့သောသူများသည်
ထိုနာမ်လောကသားများကို ရှိခိုးကန်တော့လိုသူများလည်းရှိသည်ဟုဆို၏။ ယင်းနှင့်ပတ်သက်၍ ”ဘုန်းကံမြင့်တယ်ဆိုတဲ့အကြောင်း ပြောပြမယ်။
အဲဒါ လက်တွေ့၊ လက်တွေ့ရှိသေး တယ်။ ဝိညာဉ်လာမေးတဲ့ကလေးမလေးတယောက်က သူ့အမျိုးသားက ကျွတ်တော့မယ်လို့
ပြောတယ်။ အဲဒီတော့ သူ့ယောကျာ်းကို ကန်တော့ချင်တယ်။ ကန်တော့ခွင့်တောင်းတော့ ကျွန်မကလည်း
အတွေ့အကြုံသိပ်မရှိသေးတော့ ကန်တော့ပေါ့။
အိမ်ထောင်ဦးစီးယောကျာ်းဆုံးသွားတယ်။ ကျန်ခဲ့တဲ့ ဇနီးက ကန်တော့ချင်တယ်။ ကျွန်မကလည်း လက်ခံခဲ့တယ်။
ကောင်မလေးက အဲဒီနေ့က ဥပုသ်စောင့်ထားတယ်။ ဝိညာဉ်လည်းရောက်လာရော နင့်ကိုကန်တော့ချင်လို့တဲ့ဆိုပြီး
ကောင်မလေးက ထိုင်လည်းကန်တော့ရော အဲဒီဝိညာဉ်က တခြားနံရံနဲ့ပစ်ရိုက်သလိုဗျာ၊
အစိတ်စိတ်အမြွှာမြွှာကို လွှင့်ထွက်သွားတယ်။ အဲဒါကို ကျွန်မက အစအဆုံးမြင်လိုက်တယ်။ ကျွန်မလည်း အံ့သြသွားတယ်။
ဟိုဘက်မှာ အလူးအလဲခံလိုက်ရတယ်။ ကွဲလွယ်ရှလွယ်တဲ့ဟာကို ကျောက်တုံးကြီးနဲ့ ဝုန်းဆိုပစ်ပေါက်လိုက်သလိုမျိုး သူခံသွားရတယ်။
အဲဒါနဲ့ ကျွန်မရဲ့ အစောင့်အရှောက်ပုဂ္ဂိုလ်ဖြစ်တဲ့ အဘကို အဘရယ် ဘာလုပ်မလဲမေးတော့ နင်က ဘာလို့ပေးကန်တော့ခိုင်း တာလဲ၊
သရဏဂုံမရှိတဲ့သူနဲ့ သရဏဂုံရှိတဲ့သူ မကန်တော့ရဘူး။ သူက သီလမရှိတဲ့အတွက် ကန်တော့ မခံထိုက်ဘူး။ အနားတောင်မကပ်နိုင်ဘူး။
ဒီမှာက သရဏဂုံရှိတယ်။ နေ့တိုင်း ဘုရားစာရွတ်တယ်၊ သီလရှိတယ်၊ လူဖြစ်တယ်၊ အရာရာကို
လှူနိုင်တန်းနိုင်လုပ်နိုင်ကိုင်နိုင်စွမ်းသတ္တိရှိတယ်။ မကန်တော့ထိုက်ဘူး။ လူ့ဘဝမှာ ကန်တော့လို့ရတယ်။ သီလရှိတာကိုး။
ဟိုဘက်မှာကျတော့ ယောကျာ်းဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သီလမရှိတော့တဲ့အတွက် လုပ်လို့မရဘူး”ဟု ပြောပြခဲ့သည်။
ဒေါ်အေးအေးမြင့်သည် ဝိညာဉ်အမြင်ဟောပြောနေရာမှ တဖြည်း ဖြည်းထင်ရှားလာသည့်အခါ တာဝန်ရှိသူအချို့၏ လာရောက်စမ်းသပ်မှုကိုပါ ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
ယင်းအခြေအနေများလည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး ၎င်းအနေနှင့် နေ့စဉ်တရားဘာဝနာပွားများအားထုတ်ခြင်းနှင့် ဆရာတော်ဘုရားများ၏ တရားခွေများကို အစဉ်နာယူသည်ဟုဆိုသည်။ ယင်းကဲ့သို့ တရားအခွေများ နာယူရာ၌ ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ….
တရားတော်ကို အနှစ်သက်ဆုံးဖြစ်ပြီး ဆရာတော်ဟောသည့်တရားများကို ရှင်းလင်းစွာ နားလည်သည်ဟုဆိုသည်။
”မသေခင် ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသဆီ သွားပြီးဖူးဖြစ်အောင်ဖူးဦးမယ်။
တခါလေ ကိုယ်မသိတဲ့စာပေတွေနဲ့ ပတ်သက်ရင် ဒီဆရာတော်ကြီးက အရမ်းကောင်းတယ်။
ဆရာတော် ဟောတဲ့တရားအလုံးတိုင်းက နားလည်လွယ်တယ်”ဟု လက်ရှိဖြတ်သန်းနေပုံနှင့် သူ၏ဆန္ဒသဘောထားများကို ပြောပြလိုက်ပါသည်။
ဝိညာဉ်ခေါ်တဲ့အခါ၊ မလာတဲ့ ဝိညာဉ်ရှိလား….
ဝိညာဉ်များအား ခေါ်ဆိုနိုင်ရန်အတွက် တည်ငြိမ်သည့် စရဏမရှိလျှင် ခေါ်ဆိုရန် ခက်နိုင်သည့်အပြင် ဝိညာဉ်များအားနိုင်နင်းစွာ ထိန်းသိမ်းရန်ခက်သည်ဟု ဆိုသည်။ ဝိညာဉ်များအား ကျွမ်းကျင်ပိုင်နိုင် စွာခေါ်ယူနိုင်ရေးအတွက် သမာဓိလိုင်းအား ထက်ထက်မြက်မြက်လေ့ကျင့်ရသည်ဟုဆိုသည်။
ဒေါ်အေးအေးမြင့်အတွက် ဝိညာဉ်ခေါ်သည့်အခါ မလာသည့် ဝိညာဉ်မရှိဘဲ အာဏာရသကဲ့သို့ပင် ဖြစ်နေသည်။
တိကျသည့် စာရွက်စာတမ်းပါပါက ခေါ်ယူရာတွင် အခက်အခဲမရှိဘဲ စာရွက်စာတမ်း အထောက်အထား မရှိပါက ဝိညာဉ်များ၏ လှောင်ပြောင်ခြင်းပင်ခံရသည်ဟုဆိုသည်။
စာရွက်စာတမ်းမတိကျပါက ”မင်းတို့တွေသွားလိုက်ဦးဟေ့၊ သူကလုပ်စားနေတာ အဲဒီအခါကျ တပျော်ကြီးရောက်လာတာ၊
သူတို့အချင်းချင်း လှောင်ပြောင်တာလည်း ရှိတယ်၊ အချင်းချင်း အိမ်ထောင်ကျနေတာလည်း ရှိတယ်၊
ကိုယ်က တည်ငြိမ်တဲ့ စရဏမှမရရင် သူတို့ကို မလှန်နိုင်ဘူး”ဟု သူမ၏ အတွေ့အကြုံကို ပြောသည်။
ဝိညာဉ်များက ဝိညာဉ်ဟောသူကို နှောင့်ယှက်တတ်သလား….
ဒေါ်အေးအေးမြင့်၏ အဆိုအရ ၎င်းအပေါ် ဝိညာဉ်များဟာ အနှောင့်အယှက်မပေးသည့်အပြင် တခါတရံနေမကောင်းသည့်အခါများ၊
စိတ်လေးလံနေသည့်အခါများတွင် ဝိညာဉ်များက ကျီစားတတ်သည်ဟု ဆိုသည်။
”အိပ်မက်ထဲမှာ ကောင်းကင်လိုဟာမျိုးကြီး သစ်ပင်တပင်ကနေတပင် ဒန်းလွှဲသလို လွှဲတာ၊ သူတို့ကဆော့တဲ့အခါ ကိုယ်ကပျော်နေတာ အဲဒီလိုမျိုးတွေတောင်ရှိတယ်။ အနှောင့်အယှက်တော့ မကြုံဖူးဘူး”ဟု ဆိုသည်။
နိုင်ငံခြားသားများက ဝိညာဉ်မေးမြန်းခြင်းအပေါ် ဘယ်လိုဟောခဲ့သလဲ….
ဒေါ်အေးအေးမြင့်ဝိညာဉ်အမြင်ဟောသည့်အပေါ် အချို့သော နိုင်ငံခြားသားများကပါ စိတ်ဝင်တစားမေးမြန်းကြ သည်။
ယင်းကြောင့် ဘာသာစကားအခက်အခဲရှိသည်ဟု ထင်ချင်စရာကောင်းသည်။
ယင်းအခက်အခဲကို ”ဘာသာစကားအခက်အခဲဆိုရင် သူတို့ကစိတ်နဲ့ပြောတာဖြစ်တဲ့အတွက် သူတို့ဖြစ်ချင်တာလေးတွေ ပြောပြ တယ်၊ ကျွန်မက မနောလို့ခေါ်တဲ့ သူတို့စိတ်ကိုဝင်ကြည့်ရတာပေါ့၊
ဥပမာ သူတို့စိတ်ထဲမှာစားချင်တယ်၊ နေစရာမရှိဘူး၊ သူတို့ဗိုက်ဆာနေတယ်ဆိုရင် သူတို့ဆာလောင်မွတ်သိပ်မှုက ကျွန်မ စိတ်ထဲမှာ ခံစားရတယ်။ သူအရမ်းကြီး ပြောချင်လာရင် ပြောချင်တဲ့ သဏ္ဌာန်ပုံဖော်ပြတယ်၊ သူက ရေကန်နားမှာနေတယ်ဆို ကျွန်မကို လှမ်းပြီးပြတယ်”ဟု ဆိုသည်။
ဝိညာဉ်အမြင်မေးမြန်းလိုသူတွေ ဘယ်လိုသတ်မှတ်ချက်ရှိသလဲ…..
ဝိညာဉ်အမြင်မေးမြန်းလို၍ ဒေါ်အေးအေးမြင့်ထံ လာရောက်လျှင် အဓိကကျပြီး အရေးကြီးသည့်အချက်မှာ
သုသာန်တွင် သြင်္ဂိုဟ်သည့် သေစာရင်းစာရွက်ဖြစ်သည်ဟုဆိုသည်။
”ဘယ်နေ့ဘယ်ရက်မှာ ဒီအလောင်းကို သြင်္ဂိုဟ်တယ်ဆိုပြီး ကိုယ်ကခေါ်ရင် လာတဲ့အခါ တယောက်တည်း တိတိကျကျရောက်လာတယ်၊ အဲဒီလို စာရွက်မပါတဲ့အခါ အများကြီးလာတယ်၊ အများကြီးလာရင် ကျွန်မခွဲဖို့ခက်တယ်၊
ဟုတ်မယ်၊ မဟုတ်ဘူးဆိုတာ ကျွန်မ မသိဘူးလေ၊ တိကျတဲ့ တယောက်တည်းလာတဲ့ဟာဆို သူ့မင်သူ့မောင်းနဲ့ သူ့မိသားစုစတိုင်နဲ့လာတာ၊ မတိကျတဲ့ဟာကျ ဟေး လားဝါးလားနဲ့လာတော့ အဆင်မပြေဘူး၊
အဓိက သုသာန်ထဲဝင်သွားတဲ့ သေစာရင်းစာရွက်ပါရင် အကောင်းဆုံးပဲ၊ ယပ်တောင်ဆိုတာတောင် မလွှဲသာလို့တောင်းရတာ၊ ကျွန်မတို့က အခုပါးစပ်နဲ့သာဒီလိုပြောတာ၊ အဲဒီစာရွက်လေးကို ကြည့်လိုက်တဲ့အချိန် မနောနဲ့သွားတာကိုး၊
ဟောတာရော၊ ကြည့်တာရောက မနောနဲ့ပဲလေ၊ ကျွန်မတယောက်တည်းရဲ့ သဘောတင်မဟုတ်ဘဲ ဆိုင်ရာပိုင်ရာကပါ လှမ်းပြီးကြည့်ပုံရပါတယ်၊ စာရွက်ပါတဲ့သူဆို တိတိကျကျ လူရောက်လာတယ်၊
မလွဲဘူး၊ လုံးဝမလွဲဘူး၊ ဟိုဟာကျတော့ လွဲမယ်၊ မလွဲဘူး မသေချာဘူး။ ကြိုးစားရတယ်၊ မှားသွားမှာဖြစ်တဲ့အတွက် စိတ်ပင်ပန်းရတယ်”ဟု ဆိုသည်။
ဝိညာဉ်လောကမှ ကျွတ်လွတ်ရန်….
ဝိညာဉ်လောကတွင် ရောက်ရှိနေသူများအတွက် ၎င်းဘဝမှကျွတ်လွတ်စေရန် အဓိကအချက် ၃ ချက်ရှိသည်ဟုဆိုသည်။ ၎င်းတို့မှာ သိမ်ဆောက်လုပ်လှူဒါန်းခြင်း၊ ရဟန်းခံခြင်းနှင့် တရားဟောပလ္လင် လှူဒါန်းပေးရခြင်းဖြစ်သည်ဟု ဆို၏။
ယင်းအပြင် ယင်းဝိညာဉ်များ၏ စားသောက်နေထိုင်မှုအတွက် မိသားစုမှ အလှူအတန်းပေး၍ ကူညီခြင်းနှင့် သီလ သမာဓိပြည့်စုံသည့် ပုဂ္ဂိုလ်များကလည်း အကူအညီ ပေးနိုင်သည်ဟု ဆိုသည်။
”သီလမရှိတဲ့သူက လှူမယ်ဆို ဘာတွေလိုအပ်သလဲဆိုရင် သူတို့နာမည်ခေါ်ရမယ်၊ သူတို့ကို ထိထိမိမိရေစက်ချတဲ့ ရေစက်ခွက် သတ်သတ်မှတ်မှတ်ပေးရမယ်။ နေရာထိုင်ခင်းပေးရမယ်၊ ကိုယ်တိုင်လည်း ရေစက်ချမယ်၊
နောက်ပြီး သီလသမ္မာဓိပြည့်စုံတဲ့ ဆရာတော်ကြီးတွေက ကြားကြားသမျှဆိုရင်လည်း သူတို့အနီးကပ် အမျှရကြတယ်၊ ဒါတောင် သူတို့သတ်မှတ်ထားတဲ့ ဧရိယာစက်ကွင်း ရှိတယ်၊ ဝေးသွားရင် မရဘူး၊
ဒီအရာတွေက ချက်ချင်းကျွတ်စေတယ်၊ ဒါပေမဲ့ ဒီလိုကျွတ်သွားပေမယ့် နိမ့်ရာဘုံကနေ မြင့်ရာဘုံကို ရောက်နိုင်ပေမယ့် ဝဋ်ကြွေးရှိတဲ့သူဆိုရင် ဒီဘက်က ဝဋ်ကြွေးကို လူ့ဘုံကျရင်ခံပေဦးတော့၊
ကြုံဖူးတဲ့တယောက်ဆို ဘယ်လိုပြောလဲဆိုတော့ လူ့ဘဝမှာတုန်းက သူက အရမ်းချမ်းသာတယ်၊ အရက် သောက်တဲ့အတွက် မကျွတ်ဘဲ ငရဲခံနေရတာ၊ သူ့မိသားစုက ဘာလုပ်ပေးရမလဲပြောတော့ …..
သူတို့ကလည်း ပိုက်ဆံတတ်နိုင်တော့ ပလ္လင်လှူလို့ပြောတာကို ဟိုကဘာပြန်ပြောလဲဆိုတော့ သူ့အတွက်မလှူပါနဲ့တဲ့၊ လှူလည်း သာဓုမခေါ်ဘူးတဲ့၊ လူ့ပြည်ရောက်မှတော့ဗျာ ကောင်းကောင်းနေမယ်၊
ကောင်းကောင်းစားမယ်၊ ကိုယ်လှူခဲ့တဲ့ကံအတိုင်း အရသာရှိရှိ ဇိမ်ရှိရှိနေမယ်တဲ့၊ ဒီငရဲခံရတာ လူမမြင်ဘူးတဲ့၊ ဒါသူ့အယူအဆပေါ့နော်၊ သူက ပြန်တားလိုက်တယ် ဝိညာဉ်လောကမှာ အဲလိုဟာလည်း ရှိသေးတယ်” ဟု သူ့အတွေ့အကြုံကို ပြောသည်။
ဒေါ်အေးအေးမြင့်သည် ဝိညာဉ်ဟောဆရာမဖြစ်ဖို့ ကြိုးစားခဲ့သူလား….
ဒေါ်အေးအေးမြင့်သည် ငယ်စဉ်ကတည်းက ဝိညာဉ်ဟောသူဖြစ်ဖို့ရန် ရည်ရွယ်ခဲ့သူမဟုတ်ဟုဆိုသည်။ မိသားစုဘဝအခက်အခဲ လောကဓံမုန်တိုင်း အလွန်ပင်ကြမ်းတမ်းခဲ့ခြင်းက ဝိညာဉ်ဟောသူဖြစ်ရန် ဖန်လာသကဲ့သို့ ဖြစ်နေသည်ဟုဆိုသည်။
သူမ၏ ဘဝတွင် ခင်ပွန်းသည် ဆုံးပါးသွားခဲ့ခြင်း၊ သားဖြစ်သူ ဆုံးပါး သွားခြင်းနှင့်အတူ စားစရာမရှိ၍ ဆန်ပြုတ်ပင်သောက်ခဲ့ရသည်အထိ လောကဓံကြမ်းရှသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ကြမ်းရှသည့်လောကဓံကြုံတွေ့သော်လည်း ….
မည်သည့်စီးပွားရေးကိုမှ လုပ်ကိုင်စား သောက်ခြင်းအဆင်မပြေဖြစ်လေ ဂုဏ်တော်ကိုးပါး ရွတ်ဖတ်ကာတရားထိုင်ခြင်းကိုသာ ပိုမိုလုပ်ကိုင်ခဲ့သည် ဟုဆို၏။ ”ဂုဏ်တော် ၉ ပါးနဲ့ တရားထိုင်တာက အမှန်တော့ စိတ်ညစ်လို့ထိုင်တာ အစက ၁ နာရီ ထိုင်တယ်၊
နောက် ၂ နာရီ အဲဒီမှာကိုယ့်ကိုတရားပြမယ့် ပုဂ္ဂိုလ်တွေပေါ်လာတာ၊ ပုတီးကို ဘယ်လိုစိပ်ရတယ်တို့၊ စိတ်က ဘယ်လိုထားရတယ် အဲဒီကနေ ကိုယ့်စိတ်သမာဓိလေးက ငြိမ်းချမ်းမှုရနေတယ်၊ အဲဒီ အခါမှာ တည်ကြည်သွားတယ်၊
တရက် တရားထိုင်တုန်း ကောင်းကင်က ဆရာတော်ကြီးကြွလာတယ်၊ ပုံသဏ္ဌာန်က ခေါင်းမြီးခြုံထားပြီး မျက်မှန်မည်းမည်းကြီးနဲ့ ဆရာတော်ကကြွလာပြီး ဆရာတော်က မိန့်တယ်၊ သမီးဟိုမှာ ကြည့်စမ်းဆိုပြီး ပြတဲ့နေရာကို လှမ်းပြီးကြည့်တော့၊ အဲဒီမှာ ဆိုင်းဘုတ်တခု တွေ့ရတယ်၊
ဒေါ်အေးအေးမြင့် ဝိညာဉ်အခမဲ့ဟောသည်ဆိုတော့ ကိုယ်က ကြောက်တာပေါ့နော်၊ ဟုတ်လားလည်း မသိ၊ မဟုတ်လားလည်းမသိ ဒါပေမဲ့ ကိုယ်ကလည်း ငတ်နေပြီးသည့်ပြင်လုပ်ငန်းလည်း လုပ်စားစရာမရှိ၊ မလုပ်တတ်ဘူး။
ဈေးရောင်းတယ် ပြုတ်တယ်။ ဈေးရောင်းလိုက်ပြုတ်လိုက် ချာလပတ်လည်နေတယ်၊ အဲဒီတော့ မထူးဘူးဆိုပြီး ကိုယ်ရှိတဲ့ ဟာလေးတွေနဲ့ အခန်းငှားပြီး စမ်းဟောခဲ့တာ၊ အစကတော့ ဒုက္ခရောက် တာပေါ့…..
ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်က ပေါ်သွားလိုက် ပျောက်သွားလိုက်နဲ့ ကိုယ်က စိတ်ကိုမထားတတ် ဘူးလေ၊ သူတို့ကို မဖမ်းတတ်ဘူး၊ သူများ ခိုင်းလို့သာလုပ်ရတာ ကိုယ့်မှာဇောချွေးတွေ ပြန်နေတယ်၊
နောက်တော့ တရားပဲပြန်ထိုင်တယ်၊ အတိုက်အခံတွေလည်းများလာပြီ။ တရားထိုင်တော့ ကြည်သွား တာပေါ့”ဟု ဝိညာဉ်ဟော ဖြစ်ခဲ့ပုံကိုပြောပြသည်။
ဒေါ်အေးအေးမြင့်၏ အနာဂတ်ဆုံးဖြတ်ချက်….
ဒေါ်အေးအေးမြင့်သည် သားသမီးကိစ္စအရေး ရှိနေသေးသည့်အတွက် လာမည့်နှစ်အနည်းငယ် သုံး နှစ်ခန့်ပြည့်လျှင် ဝိညာဉ်ဟောခြင်းအား အပြီးအတိုင် မဟုတ်ရင်တောင် တဖြည်းဖြည်းဖယ်ခွာက ဝိပဿနာ တရားဘာဝနာအလုပ်ကို ဇောက်ချလုပ်ကိုင်တော့မည်ဟု သန္နိဌာန်ချထားသည်ဟုဆိုသည်။
”ကျွန်မ တရားကျင့်မယ်၊ အဲဒီတရားက သံသရာဖြတ်တဲ့ အကျင့်ဖြစ်မယ်၊ ဒီတော့ ဒါတွေလည်း စွန့်ရမယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သေခြင်းတရားတွေ တဖြည်းဖြည်းနီးသွားပြီ ကျွန်မလူ့ဘုံ၊ နတ်ဘုံ ဗြဟ္မာဘုံတွေလည်း မသွားချင်ဘူး။
တိရစ္ဆာန်ဆိုတာတော့ မစဉ်းစားရဲဘူး၊ အဲဒီတော့ ကျွန်မဒါတွေ အကုန်ဖြတ်မယ်၊ ဖြတ်ပြီး ဝိပဿနာလိုင်းကို သွားမယ်” ဟု သူမ၏ အနာဂါတ် အစီအစဉ်အား ပြောပြသည်။
ဝိညာဉ်များနှင့် ဆက်သွယ်ခြင်းအပေါ် မယုံကြည်သူများအတွက်…
အဓိကအားဖြင့် ယုံကြည်မှုမရှိလျှင် မည်သည့်အရာကိုမျှ မပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။ မိမိကိုယ်တိုင်လည်း မယုံကြည် တဖက်သားကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါက နှစ်ဦးနှစ်ဖက် အကျိုးမရှိဘဲ …..
မိမိ၏ အပြုအမူသည် တဖက်သားကို ဒုက္ခမပေးပါက အကုသိုလ်မဖြစ်စေဘူးဟု ဆိုသည်။ ”ယုံကြည်မှုမယုံကြည်မှုက လူတိုင်းမှာ ရှိပါတယ်၊ ကိုယ်တိုင်လေ့လာစမ်းသပ်ရင် မှန်သလား၊ မှားသလား….
ကိုယ့်ရဲ့စရဏအပေါ်မူတည်ပြီး ဆုံးဖြတ်သွားရတာလေ၊ သူများကို စိတ်အနှောင့်အယှက်မပေးမိအောင် သိမ်မွေ့စွာ ကိုယ်တိုင်သိသွားဖို့ပဲလိုတယ်။
crd