တသောင်းတန် ငွေစက္ကူ အတု၊ အစစ်ကို သေချာပေါက် ခွဲခြားနိုင်မယ့် နည်းလမ်း

အရှေ့တောင် အာရှမှာကိုက မြန်မာပိုက်ဆံတွေဟာ အလွန် ကွာလ တီချာတူးလန်တယ်၊ ဘယ်တိုင်းပြည်မှာမှလည်း မြန်မာငွေကိုလဲလို့ မရဘူး၊ ယခင် မဆလ လက်ထက်က ငွေစက္ကူတွေဟာ စက္ကူသားရော လုံခြုံရေးပိုင်းက အစ ဒီဇိုင်း အပြင်အဆင် ခပ်တည်တည် ရုပ်ထွက်သေးတယ်၊ ငွေစက္ကူဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အခင်းအကျင်းထဲမှာပါတယ်။

မြန်မာကျပ်ငွေ ငါးထောင်၊ တစ်သောင်း အတုတွေ ဘုံးပေါလအော ထွက်တယ်၊ အတုလုပ်တဲ့သူတွေလည်းမိတယ်၊ လုပ်တဲ့ သူတွေက လည်း ထောင်မကြောက် တန်းမကြောက် စူဠမဟာဒူလပိန်းတွေ ငွေစက္ကူ သန့်သန့်တစ်ချပ်ကို scanner နဲ့ ပုံရိပ် ဖတ်တယ်၊ ပြီးတော့ ခပ်ပေါပေါ ကာလာပရင်တာနဲ့ သာန် အေဖိုးစက္ကူပေါ် ပရင်ထုတ်တယ်၊ မသာဖိတ်စာ ရိုက်ထုတ် သလို ထုတ်ကြတာ အံ့ပါရဲ့၊ ဘယ်လို တွေ အပြစ်ကြီးတယ် မသိရှာကြဘူး၊ သနားစရာလည်းကောင်းပါရဲ့

ဘယ်ပိုက်ဆံ စက္ကူမှ ကွန်ပြူတာ ပရင်တာနဲ့ ရိုက်ထုတ်လို့မရဘူး၊ ခုဘာလို့ ခပ်ပေါပေါ ပရင်တာတွေနဲ့ ရိုက်ထုတ်နေကြသလဲ ဆိုတော့၊ ပြည်သူတွေဟာ အသိဉာဏ်ဗဟုသုတဆင်းရဲသူများလာတယ်၊ လုပ်တဲ့သူတွေကလည်း ကျယ်ကျယ် ပြန့်ပြန် မသိတာ လည်းပါသလို၊ ငွေစက္ကူတွေရဲ့ ကွာလတီနဲ့ လုံခြုံရေးအပြင်အဆင်တွေကလည်း ချာတူးလန်လာတယ်၊ ဗဟိုဘဏ်အနေနဲ့ ကလည်း ငွေစက္ကူလုံခြုံရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတ ဖြန့်တာမရှိသလို၊ မီဒီယာတွေ ကလည်း သူတို့အလုပ်မဟုတ်ဘူး ထိခါမှ ထ အော်ချင် အော်မှာ၊ ဒီတော့ တောနေ ပြည်သူလူထုတွေ မြို့မှာသာနေပြီး ဘာ ဗဟုသုတမှ မရှိတဲ့သူတွေ ထိတော့တာပဲ ။

ကမ္ဘာမှာ ထိပ်တန်း လုံခြုံရေးစနစ် အကောင်းဆုံး နည်းပညာအမြင့် ဆုံး အမေရိကန်ငွေစက္ကူတောင်မှ ပြုလုပ်ပုံ ပြုလုပ်နည်း နဲ့ လုံခြုံရေး အချက်အလက်တွေကို ပြည်သူတွေဆီ ပွင့်ပွင့်လင်းလင်း ထုတ်ပြချ ပြထားတယ်၊ အမေရိကန် ငွေစက္ကူကို ဒီဇိုင်း စ ရေးဆွဲတာကနေ စလို့ စတီးပလိတ်ပြားမိုလ်ပေါ်မှာ လက်နဲ့ထွင်းတာတွေကအစ အသေး စိတ်ကို ဖြန့်ဝေတဲ့ ဗီဒီယို ရှိတယ်၊ ငွေစက္ကူမှာသုံးတဲ့ ချည်သား လီနင် ပါဆင့်တစ်ပါ အတိအကျ ဖေါ်ပြထားတာ၊ အတုလုပ်တဲ့သူတွေ လိုက်ကို မလုပ် နိုင်ပါဘူး၊ မြောက်ကိုရီးယားကတော့ အတော်နီးနီး စပ်စပ် ကို တုပ ထုတ်လိုက်သေးတယ်၊ ခဏပဲ မိတာပဲ ။

ကမ္ဘာကျော် ငွေစက္ကူအတုဂိုဏ်းတွေဟာ နည်းပညာ ဘယ်လို မြင့်မြင့် ရအောင် လိုက်တုပလုပ်တယ်၊ ငွေစက္ကူအသား အမျိုးအစား ထပ်တူ၊ လုံခြုံရေးကြိုးတွေ၊ မှင်တွေကအစ၊ ရေစာ အဆုံး အကုန် အတုထွက် တယ်၊ တရုပ်ပြည်က ဒိုင်ခံ ရောင်းပေးနေတာ။ ခရမ်းလွန်ရောင်ခြည် မီးနဲ့ ထိုးကြည့်မှ မြင်ရတဲ့ Invisible ink , UV ink လိုမျိုးကတော့ ဘာအရောင် လိုချင်သလဲ အကုန်ရတယ်၊

အခု တစ်သောင်းတန်မှာ ထည့်ရိုက်လာတဲ့ METALLIC INK လိုချင်လားရတယ်၊ အရင် အမေရိကန် ငွေစက္ကူမှာ ပထမဆုံးအသုံးပြုတဲ့ OVI ခေါ်တဲ့ Optically Variable Ink လားရမယ်၊ ဘယ်အရောင်ကနေ ဘယ် အရောင်ပြောင်းတာ လိုချင်လဲ၊ အမေရိကန်က အဲဒီ OVI ကို အဆင့်မြင့်နည်းပညာနဲ့ သူ့ ဒေါ်လာပေါ် မှာ ရိုက်တာ၊ အစိမ်းကနေ ခရမ်းရောင်ပြောင်းတဲ့မှင်နဲ့တူတယ်၊ မြောက်ကြီးက ထုတ်ပြလိုက်တော့ လန့်ဖြန့်ပြီးအခု 3-D Security Ribbon ကြီး ထွင်ထည့်လိုက်ရတာ၊ အဲဒါလည်း သိပ်မကြာဘူး အတုထွက်ဦးမှာပဲ အခုဆို စမ်းသပ်နေကြရောပေါ့၊

ငွေစက္ကူ အတုလုပ်တဲ့သူတွေ ဘယ်လိုမှ တော်ယုံတုပလို့မရတဲ့ နည်းပညာကတော့ Printing Technology ပဲ၊ မြန်မာ ကျပ်ငွေ မှာလည်း အဲဒီ အချက်လေးတွေရှိတယ်၊ ဘယ်သူမှ တုလို့မရဘူး၊ ဂျာမဏီက စက်ကြီးဝယ်ပြီး တုရင်တော့ ရနိုင် တာပေါ့၊ မဟုတ်တာလုပ်စားပြီး တစ်ကျပ်ရင်း တစ်ထောင်လောက်တော့ ဘယ်အမြတ်ကျန်မလဲ ၊ အခန့်မသင့်ရင် ကွိသွားမှာ၊ ဒီလို security printing တွေအတွက် ဟ့ဝဲတွေ ရောင်းတဲ့ ကုမ္ပဏီကြီးတွေ ဆိုတာလည်း ဂါးဗားမင့် သီးသန့်ပဲ ရောင်းတာပါ၊ စက်တွေ တောင် အလုံးအရေအတွက် သတ်မှတ်ထုတ်တာ၊အပြင်လူမရောင်းဘူး။

ငွေစက္ကူတိုင်းမှာပါတဲ့ လုံခြုံရေးအချက်အလက်တွေထဲမှာ အတုသမားတွေ တုဖို့ခက်တဲ့ micro print လို့ခေါ်တဲ့ သာမန် မျက်လုံးနဲ့ ရုတ်တရက် မမြင်နိုင်တဲ့ စာလုံးလေးတွေ၊ မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန်မှာ ဆိုရင် SECURITYPRINTINGWORKS ဆိုပြီး ထည့်သွင်းရိုက်နှိပ် ထားတယ်၊တချို့နေရာတွေမှာ CBMCBMCBM ဆိုပြီး Central Bank of Myanmar အတိုကောက်ထည့်ရိုက်ထားတယ်၊

မှန်ဘီလူးနဲ့ကြည့်မှ မြင်နိုင်သော်လည်း သာမန် လူတစ်ဦး၊ မှန်ဘီလူးလည်း အဆင်သင့် မရှိတဲ့လူက ဘယ်လို သိနိုင်မလဲဆိုရင် ဉာဏ်လေးသုံးကြ၊ လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာ ပါတယ်၊ လက်ကိုင်ဖုန်းကင်မရာနဲ့ အဲဒီ စာလုံးလေး တွေ ရိုက်ထားတဲ့ နေရာကို ( ပုံမှာ ပြထားတယ် ) ချိန်ထောက်ပြီး ဖိုးကပ် ပြတ်အောင်ချိန်ပြီး ရိုက်၊ ရိုက်ပြီး ဓါတ်ပုံကို ပြန်ဖြဲကြည့်၊ အဲဒီ စာလုံးလေးတွေဟာ ပြတ်ပြတ်သားသားမရှိဘူး ဝါးနေ မယ် လုံးနေမယ်ဆိုရင် ကျိန်းသေတယ် အဲဒါ အတုပဲ၊ ကွန်ပြူတာ ပရင်တာ အကောင်းစားကြီး မပြောနဲ့ ပုဂ္ဂလိက လုပ်ငန်းသုံး ပုံနှိပ်စက်အကောင်းစားမှာတောင် အဲဒီ မိုက်ခရိုပရင့် စာလုံးသေးလေးတွေ ပြတ်သားအောင် မရိုက်နိုင်ဘူး။

နောက်တစ်ချက် အလွယ်တကူ အတုအစစ်ခွဲလို့ရတာက တစ်သောင်း တန်၊ ငါးတောင်တန်၊ တစ်ထောင်တန် အကုန်လုံးမှာ ပါတယ်၊ ငွေစက္ကူရဲ့ မျက်နှာစာ ဘယ်ဘက် ( ရေစာဘေး ) အကွက်လေးထဲမှာ CBM ဆိုတဲ့ စာလုံးတွေကို ကနုတ်တွေနဲ့ ရောမြုပ် ဖွက်ပြီးရိုက်နှိပ်ထားတယ်၊ အဲဒီ နည်းပညာကို Latent Image လို့ခေါ်တယ်၊ အလင်းရောင်ရှိတဲ့နေရာမှာ ငွေစက္ကူ ကို ( သီအိုရီအရတော့ ၄၅ ဒီဂရီစောင်းကြည့်လိုက်မှ ) မြုပ်ရိုက်ထားတဲ့ စာလုံးလေးတွေ ပေါ်လာတာ၊

မြန်မာငွေစက္ကူမှာ ကျပ်ငွေ တစ်ထောင်တန်အထိ အဲဒီ Latent Image ကွာလတီကောင်းသေးတယ်။ သီအိုရီနဲ့ ကိုက်တယ်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်မှာလုံးဝ ချာတူးလန်သွားပြီ စောင်းကြည့်စရာမလိုပဲ ပေါ်နေတယ်၊ စက်လည်းညံလာသလို ဒီဇိုင်းဆွဲတဲ့သူ လည်း ညံ့တယ်၊ အမှန်က အတည့်ကြည့်ရင် မပေါ်ရပါဘူး၊ နည်းနည်းစောင်းလိုက်မှ ပေါ်လာတာ၊ အဲဒီ Latent Image ကို ဘယ်လို မှ အတုလုပ်လို့မရဘူး၊ ဂရပ်ဖစ် ဒီဇိုင်းအခေါ်အဝေါ်အရ Hairline လို့ခေါ်တဲ့ ဆံချည်မျှင်လိုင်းထက် အများကြီး ပိုသေးတဲ့ လိုင်းသေးသေးလေး တွေနဲ့ ရောယှက် ဒီဇိုင်းဆွဲ မြုပ်ထားတဲ့ နည်းပညာ၊ အဲဒီ နည်းပညာကိုတိတိကျကျ ပုံနှိပ်ဖို့ ပုံနှိပ်စက်ဆိုတာ ပုဂ္ဂလိကမှာလည်းမရှိဘူး၊ ဘယ်နိုင်ငံက ငွေတုလုပ်တဲ့သူတွေမှလည်း မလုပ်နိုင်ဘူး ။

ဆိုတော့ကာ မြန်မာငွေ အတုအစစ် အလွယ်တကူခွဲခြားနိုင်ဖို့ နံပတ်တစ် က ပိုက်ဆံ မျက်နှာစာ ဘယ်ဘက်နားက ရေစာ ဘေးမှာရှိတဲ့ CBM ဆိုတဲ့ စာလုံးလေးတွေ ပေါ်မပေါ် အလင်းရောင်ထဲမှာ စောင်းကြည့် တည့်ကြည့်စစ်ပါ၊ နောက်တစ်ချက် က မိုက်ခရို ပရင့် နည်းပညာနဲ့ရိုက်ထားတဲ့ စာလုံးသေးသေးလေးတွေကို မှန်ဘီလူးနဲ့ ကြည့်နိုင်ရင်ကြည့် မှန်ဘီလူးမရှိရင် လည်း လက်ကိုင်ဖုန်းကင်မရာနဲ့ အနီးကပ်ရိုက်ကြည့်ပြီး စစ်ပါ၊ ကျန်တာတွေကတော့ သိပ်ကျယ်ပြန့်လွန်းတော့ လူတိုင်း စစ်ကြည့်နိုင်ဖို့ မလွယ်လို့ ရေး မပြတော့ဘူး ။

တချို့က ငွေစက္ကူ ထိပ်စည်းအပေါ်ပိုင်းနဲ့ အောက်ပိုင်း ကနုတ်ဒီဇိုင်းရှိ တဲ့နေရာကို လက်မလေးနဲ့ အသာပွတ်ဆွဲ ကြည့်တယ်၊ ထစ်ထစ် ထစ်ထစ်ဖြစ်နေမယ် ဖေါင်းကြွ အရသာမျိုးလေးခံစားရမယ်ဆို အစစ်လို့ပဲ သတ်မှတ်ကြ တယ်၊ အဲဒီ နည်းသွားမစမ်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က သထုံမှာမိတဲ့ ကျပ်တစ်သောင်းတန် အတု သိန်း ထောင့်နှစ်ရာဖိုး အတုလုပ်တဲ့အ ဖွဲ့က အတော်ဆရာကျတဲ့ ငနဲတွေလို့ပြောရမယ်၊

အောက်ခံဒီဇိုင်းလောက်ကိုသာ ကာလာပရင်တာ အပေါစားနဲ့ ရိုက်ထုတ် တာ၊ အပေါ် ထိပ်စည်းနဲ့ အောက် ကနုတ်သားကို သီးသန့် မိုလ်လုပ်ထားပြီး ဖေါင်းကြွဖြစ်အောင် ဆေးနဲ့ ဖိရိုက်သွင်းတာ၊ လက်မနဲ့ ပွတ်စမ်းကြည့် အင်မိသွားမယ်၊ ဒီအုပ်စုရိုက်ထုတ်နေတဲ့ သိန်းထောင်ချီတဲ့ တစ်သောင်းတန်တွေကို ဘယ်နေရာ မှာ အထုပ်လိုက် အထည်လိုက် လက်စဖျောက် ဖြုန်းပစ်သလဲဆိုတာကတော့ စီအိုင်ဒီ အနေနဲ့ သေချာ ခြေရာကောက်ဖို့ လိုပြီနော်

ကျပ်တစ်သောင်းတန်ကလည်း အိုးမော်ဒယ်နဲ့ မော်ဒယ်အသစ် ၂ မျိုးရှိတာ သတိထားကြဦး၊ ရေစာကွာတယ် ဒီဇိုင်းလိုင်း လေးတွေ နည်းနည်း ကွာတယ်၊ တစ်သောင်း လို့ ရိုက်ထားတဲ့နေရာမှာ Invisible ink များများထည့်ရိုက်ပြီး စာလုံးကြီးထားတယ်၊ ဘာမှတော့ လုံခြုံရေးပိုင်းက ထူးသွားတာမဟုတ်ပါဘူး .. မြန်မာပြည်သူအပေါင်း ငွေတု လက်ဝယ်မိခြင်းဘေးက ကင်းဝေးကြပါစေ။

Credit – Lwin Lwin Aung

Crd

Add a Comment

Your email address will not be published. Required fields are marked *