ကိုရိုနာဗိုင်း ရပ်စ်နှင့် မနေ့ည က တွေ့ခဲ့ရ တဲ့ ဆိုင်က ယ် ကယ်ရီသ မားတစ်ယောက်ရဲ့ ရင်ဖွင့်ချက်

တ ကယ်ဒုက္ခရောက်လာကြတော့မယ်…

မနေ့ညနေက တွေ့ခဲ့ရတဲ့ ဆိုင်ကယ် ကယ်ရီ ဆွဲစားသူတယောက်ရဲ့ ရင်ဖွင့်ချက်လေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်…

ကျွန်တော့်မှာ ကလေး နှစ်ယောက်ရှိပါတယ်.. ဇနီးနဲ့ အဖေပါဆိုရင် အိမ်မှာ အားလုံး ၅ ယောက်ပေါ့.. ကျွန်တော့်အဖေကတော့ အသက်တော်တော်ကြီးပြီ.. ကျွန်တော်က ဆိုင်ကယ် ကယ်ရီ ဆွဲပါတယ်.. အရင်ကဆို တနေ့ကို ၈၀၀၀ ၁၀၀၀၀ နဲ့ ပုံမှန်ဝင်ငွေလေးရပါတယ်.. မရဘူးဆိုတဲ့နေကတောင် ၆၀၀၀ အနည်းဆုံးရပါတယ်…

အဲ့ဒီတော့ မိသားစုဘဝလေး ပုံမှန်လည်ပတ်နေပါတယ်.. အပိုစုဆောင်းမိတာတော့ မရှိဘူးပေါ့.. ဒါပေမယ့် ပြီးခဲ့တဲ့ တပါတ်လောက်ကစပြီး တနေ့ကို ၃၀၀၀ အထက်မရတော့ပါ.. လမ်းမှာ လူကိုရှင်းနေတော့ လုံးဝနီးပါးကို မဆွဲရတာပါ.. ဖြစ်ချင်တော့ ပြီးခဲ့တဲ့ ၄ ရက်ကစပြီး အငယ်မလေး ဝမ်းတွေသွားတာ မရပ်ဘူး.. အဲ့တော့ ကလေးဆေးခန်းပြေးပြတော့ တနေ့ကို ၉၀၀၀ နဲ့ နှစ်ရက်ကို ၁၈၀၀၀ ထွက်သွားတယ်.. မိန်းမဆီမှာက ငွေ တသောင်းလောက်ပဲ စုမိထားတော့ ကလေးဆေးခန်းလိုငွေတသောင်းကို မိတ်ဆွေတယောက်ဆီက ချေးလိုက်ပါတယ်.. သူက ကျွန်တော်တို့ဂိတ်မှာ ဆွဲတဲ့သူပါပဲ.. သူက ပြေလည်တယ်.. သက်သက်မဲ့အိမ်မှာ မနေချင်လို့ လာဆွဲနေတာပါ…

အဲ့ဒါနဲ့ ကလေးသက်သာသွားတယ် ဆိုပါစို့ဗျာ ဒါပေမယ့် မနေ့က ငွေ ၁၂၀၀ ပဲရလာတယ် အဲ့တော့ ညက အသုတ် ၂ ပွဲ ၇၀၀ နဲ့ဝယ်ပြီး တမိသားစုလုံးထမင်းနဲ့ ဝိုင်းစားလိုက်ကြတယ်.. အသုတ်တောင် အကြော် ထည့်ဖို့ ငွေမလောက်တော့ဘူးလေ.. ဒီနေ့အတွက် ငွေ ၅၀၀ ချန်မှ ဖြစ်မယ်လေ.. ပိုတဲ့ငွေ ၅၀၀ နဲ့ ဒီနေ့ နေ့လည်က ယုဇန လဖက် နှစ်ထုပ်ဝယ်ပြီး မိသားစု ဝိုင်းစားလိုက်ကြတယ်.. ဆန်ကတော့ တပြည်ကျော်ကျော် ရှိသေးတယ်.. တမိသားစုလုံး မနက် သရေစာ လုံးဝ မစားကြတာ နှစ်ရက်ရှိပါပြီ.. သရေစာထက် ထမင်းနပ်မှန်ဖို့က ပိုအရေးကြီးနေပြီလေ…

ဒီနေ့ဆိုရင် အခု ညနေ ၄:၃၀ နေပြီ ငွေ ၇၀၀ ပဲရသေးတယ် ၅ နာရီဆိုပြန်နေကျ အခုဘယ်လိုပြန်မလဲ ဒီငွေ ၇၀၀ နဲ့ ဒီညစာနဲ့ မနက်ဖြန် စာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ တွေးမိပြီး ရင်ထဲ စို့တက်လာတယ်.. နောက်ရက်တွေဆို ဆန်ပါကုန်တော့မယ် ပိုခက်ခဲသွားပြီ.. အလုပ်ကလည်း တနေကုန်ထိုင်တာ ပဲရှိတယ်.. အရမ်းပါးတယ်.. အိမ်က မိန်းမကတော့ မနေ့ကတည်းက ငွေ ၁၂၀၀ တည်းရလို့ ငိုမဲ့ငိုမဲ့ ဖြစ်နေတာ ဒီနေ့ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ တွေးမိတော့ ရင်ထဲ ပိုပြီး စို့လာခဲ့တယ်…

ဒီလိုအခြေအနေမှာ မနေ့က မိတ်ဆွေတယောက်က လာပြောတယ် အလုပ်ပါးရင်လည်း အိမ်မှာပဲနေလေတဲ့ အလကားအပြင်မှာ မနေသင့်ဘူးတဲ့ ဒီရောဂါက အကူးမြန်တယ် အပြင်မထွက်တာ အကောင်းဆုံးပါတဲ့.. ဟုတ်ပါတယ်ဗျာ ဘယ်အပြင်ထွက်ချင်ပါ့မလဲဗျာ.. နောက်ပြီး ကျွန်တော်တို့အလုပ်က ပိုဆိုးတယ် သွားချင်တဲ့သူကို လိုက်ပို့ရတာ သူ့မှာ ဘာရောဂါ ရှိနေနေ ချေးများလို့လဲ မရသလို လက်ဆေးခိုင်းလို့လည်း မရဘူးလေ.. မိတ်ဆွေ ကျွန်တော့်ဆိုင်ကယ်ပေါ် မတက်ခင် လက်အရင်ဆေးပါဆိုရင် နောက်တစီး ပြောင်းစီးသွားမှာ အဲ့တော့ သူ့မှာ ဘာဖြစ်ဖြစ် လိုက်ပို့ရတာပဲလေ.. ဒီပုံစံအတိုင်းဆိုရင် တယောက်ယောက်ဆီက ငွေ ၁၀၀၀ လောက် မဖြစ်မနေ ချေးပြီး အိမ်ပြန်မှ ကောင်းမယ်လို့ တွေးမိတယ်…

ဒါပေမယ့် ကျွန်တော်တင်မကပါဘူး တဂိတ်လုံးနီးပါး အကုန်ငုတ်တုတ် ပါပဲ.. ဟိုရက်က တသောင်းချေးထားသူဆီကပဲ ထပ်ချေးရင် ကောင်းမလား တွေးမိပေမယ့် ပထမ တသောင်းတောင် ပြန်မဆပ်နိုင်သေးတာ ဘယ်လိုသွားပြောရမလဲ.. ရောဂါ ကူးမှာတော့ ကြောက်တာပေါ့ဗျာ.. ဒီရာဂါကြောင့် ဘယ်အပြင်ထွက်ချင်ပါ့မလဲဗျာ.. ကျွန်တော် ရောဂါ ဖြစ်တာ အကြောင်းမဟုတ်ဘူး တော်ကြာ အိမ်က ကလေးတွေ မိသားစုတွေပါ့ ဖြစ်ကုန်ရင် ဒုက္ခပဲလေ.. ဒါပေမယ့်ဗျာ မိသားစု ဝမ်းရေးအတွက် အပြင်မထွက်ပဲနေလို့မှ မရတာပဲလေ…

ဒါလေးကတော့ ကျွန်တော့်မိတ်ဆွေ ဆိုင်ကယ် ကယ်ရီ ဆွဲစားသူ မိတ်ဆွေတယောက်ရဲ့ ဖွင့်ဟချက်ပါ.. သူအဲ့လိုပြောအပြီးမှာတော့ ကျွန်တော် သူ့ကို ငွေနည်းနည်းပေးလိုက်ပါတယ်.. ကျွန်တော်ပေးလိုက်တဲ့ ငွေက ထောင်ဂဏန်းလောက်ဆိုပေမယ့် သူ့ခမျာ သိန်း တသောင်းထီပေါက်သလို ပျော်ရွှင်သွားပုံကို ကြည့်ပြီး တွေးမိတာပေါ့ သြော် လူတွေ လူတွေ အိမ်အပြင်မထွက်ကြနဲ့ အိမ်ထဲမှာပဲနေ ဆိုပြီး ပြောနေကြပေမယ့် သူတို့လိုမိသားစုလေးတွေအတွက် စီးပွားရှာနေကြရတဲ့ သူတွေက ဘယ်လိုဘယ်ပုံ အိမ်ထဲမှာ နေကြရမှာလဲ…

သူတို့ငတ်ပြီဆိုရင် ဘယ်အိမ်ရှေ့မှာ လက်သွားဖြန့်ရမလဲ ဟုတ်ပြီ လက်သွားဖြန့်ရင်ရော သူတို့ကို ပေးလိုက်တဲ့အိမ်က ဘယ်နှစ်ရက် ပေးမှာလဲ နေ့စဉ် နေ့တိုင်း ပေးမယ်ဆိုတာ အပြောမလုပ်ပါနဲ့ တကယ်လက်တွေ့ ပေးနိုင်ကြပါ့မလား.. နောက်ပြီး အစိုးရကရော သူတို့လို မိသားစု မျိုးကို ဘယ်နှစ်ရက် ထောက်ပံ့နိုင်မှာလဲ သူတို့လို ဒီနေ့လုပ်မှ ဒီနေ့စားရတဲ့ လက်လုပ်လက်စား မိသားစုက ဒီနိုင်ငံမှာ ၈၀% ရှိပါတယ်.. သူတို့တွေ အားလုံးနီးပါး အလုပ်တွေ ပါးကုန် ပြတ်ကုန် မယ်ဆိုရင် သူတို့ရဲ့ စားဝတ်နေရေးတွေ ကို ဘယ်သူက ကိုယ်ချင်းစာပြီး ကျွေးကြမှာလဲ…

ဒါ နေ့တဓူဝ တွေ့ကြုံရမယ့် ကိစ္စတွေပါ.. တရက် နှစ်ရက် နဲ့ ပြီးသွားမှာ မဟုတ်ပါ.. ဒါ့ကြောင့် သူတို့ဘဝတွေကို ကိုယ်ချင်းစာကြည့်ပေးကြပါ.. အိမ်မှာပဲနေပါ အိမ်မှာပဲနေပါ လို့ အော်နေကြသူတွေ သူတို့နေရာကို ခဏလေးဝင်ကြည့်ပေးကြပါ.. သူတို့လည်း ဒီလိုအချိန်မျိုးမှာ အိမ်မှာ မိသားစုနဲ့ အေးအေးလူလူ နေချင်ကြမှာပဲလေ…

ဒါ့ကြောင့် Stay Home ဆိုတာ ပြေလည်တဲ့သူတွေအတွက်ကတော့ လိုက်နာစရာ ကိစ္စ လွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဒီ ဆိုင်ကယ် ကယ်ရီသမားလို မိသားစုတွေအတွက်ကတော့ Stay Home က ပြဒါးတလမ်း သံတလမ်း ဖြစ်နေအုန်းမှာပါ…

အကြံပြုချက်ကတော့ ဒီလိုမိသားစုတွေ တွေ့ရင် ဖေ့စဘွတ်မှာလှူဒါန်းပေးနေတဲ့ အဖွဲ့တွေကို ဆက်သွယ်ကြည့်ကြပါဗျာ

Add a Comment

Your email address will not be published. Required fields are marked *