ခိုင်ရွှေဝါမြအခက် ကြွေရက်တယ်စော

အချိန်မှာ 1938 ခုနှစ် ဖြစ်ပေသည်။

ရေနံမြေသပိတ် တပ်မတော်ကြီး ရန်ကုန်မြို့တော် သို့ချီတက်သွားသည်မှာ ရက်သတ္တပတ်ပင် ပြည့်မြောက်ခဲ့သည့် အချိန်ပင် ဖြစ်ပေသည်။ ရေနံမြေ မြို့တော်၏ အရှေ့ဖျား ရွာစုလေးဝယ် တပ်မတော်ကြီးနှင့် တပါတည်း ချီတက်သွားကြပြီဖြစ်သော အိမ်ရှင်ယောက်ျားများ မရှိသလောက်ပင် ဖြစ်သဖြင့် မိန်းမသား ချည်းသာ ကျန်ရစ်ခဲ့ပြီဖြစ်ရကား ခြောက်သွေ့၍ နေပေသည်။

ရွာဖျားထိပ်တွင် အထီးကျန်ဘဝ ပမာ ဆောက်လုပ်ထားသည့် တဲငယ် တစ်လုံးအတွင်းဝယ် တစ်ချက် တစ်ချက် ဝှေ့ယမ်းတိုက်ခတ်လိုက်သည့် လေ၏ လှုပ်ရှုားမှုကြောင့် လင်းတခါ မှုံတလှည့်ဖြင့် ညိမ်းလုညိမ်းဆဲ မီးရောင်အောက်တွင် ခံစားနေရသည့် ဝေဒနာကြောင့် မချိမဆံ ညဉ်းညူ နေသည့် လူမမာ၏ ဘေးတစ်ဘက်တစ်ချက်တွင် စိုးရိမ်ခြင်း ကြီးစွာဖြင့် ကြည့်နေသည့် အသက် ၃၅ နှစ် မိန်းမတစ်ယောက်နှင့် အသက် ၁၇ နှစ်ခန့် မိန်းမပျိုလေး တစ်ယောက်တို့ ဖြစ်ကြသည်။

“ကိုထွန်းခင် ရှင်တော်တော်ဘဲ အခံရခက်နေသလားဟင် “

ထိုလူမမာ၏ ဇနီးက ဘေးမှာစောင့်၍ ထိုင်ကြည့်ရင်း ဂရုဏာသက်စွာ မေးမြန်းလိုက်ခြင်းဖြစ်ပေသည်။

“အေးကွယ်….. ငါ့ရင်ထဲမှာ ဘလောင်ဆန်နေတာပဲ ထားခင်ရယ် ”

လူမမာသည် လွန်စွာအားအင် ရုတ်လျော့သော လေသံဖြင့် ဖြေကြား၏ ။

“ဟုတ်မှာပဲ နှင်းဥ ရယ် ၊ သူ့ခမျာ ဘာမှမစားနိုင်တာ ၃-၄ ရက်ရှိနေပြီ ဒီတော့ ဘယ်မှာ နေသာထိုင်သာ ရှိပါ့မလဲ ”

မိခင်လုပ်သူက ဖခင်လူမမာအား ဂရုဏာ သက်ဖွယ် စကားပြောကြားနေသည်ကို မျက်ရည်ဝိုင်း၍ နားထောင်နေရှာသည့် မိန်းမပျိုလေးမှာ ဖခင်လူမမာအားတလှည့် မိခင်အားတလှည့်ကြည့်ကာ မိမိတို့၏ ဘဝကို စဉ်းစားမိကာ ကြေကွဲဝမ်းနည်းနေမိပေသည်။

သူမအဖို့ ဝမ်းနည်းမည်ဆိုက ဝမ်းနည်းထိုက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူမဖခင် ကျန်းမာစဉ်က ရိုးသားကြိုးပန်းစွာ လယ်သူရင်းငှား အဖြစ် တမိုးလောက် အပင်ပန်းခံ၍ လုပ်လိုက်ပါက ကြွယ်ဝချမ်းသာ၍ မလာသော်လည်း အငတ်ငတ် အပြတ်ပြတ် မဖြစ်နိုင်ပေ။ ယခုတော့မူ မိမိဖခင် အိပ်ယာထက် ဘုန်းဘုန်းလဲသည်နှင့် စားရမဲ့ ဘဝသို့ တမဟုတ်ချင်း ရောက်ခဲ့ရပေသည် ။ အနှီသို့ အငတ်ဘေးပြသနာနှင့် ရင်ဆိုင်ရခြင်းမှာလည်း မမျှတသော ဝင်ငွေဖြင့် လုပ်ရင်းကိုင်ရင်း စားရင်းသောက်ရင်း စုဆောင်းရန်ဟူ၍ ငွေပိုငွေလျှံ တပြားတချပ်မှမကျန်ရှိပေ။

သူတို့ အိမ်ထောင်စုလေး၏ ရင်ဆိုင်ရမည့် ပြသနာမှာ အငတ်ဘေးနှင့် အိမ်ထောင်ဦးစီး ဖြစ်သည့် ကိုထွန်းခင်အား ဆေးဝါးကုသရန် ဖြစ်ပေသည်။ သို့ပါသော်လည်း ပြေးရန်လည်း မြေမရှိ ၊ ပေးရန်လည်းငွေမရှိ ဆိုသကဲ့သို့ ဆေးဝါးကုသရန်ဝေးစွ ၊ စားရန် ဆန်နှင့်ငါးပိလေး မျှပင် မရှိရှာကြပေ ။

“သမီးရယ် … ညီးအဖေကို ဆန်ပြုတ်လေးဖြစ်ဖြစ် တိုက်ရအောင်ကွယ်”

သမီးဖြစ်သူက မီးဖိုချောင်ဘက်သို့ ထထွက်သွားသည်ကို မထားခင်သည် နောက်မှလိုက်လာရင်း လူမမာ မကြားစေရန် လေသံဖြင့်

“သမီး ဆန်အိုးထဲမှာ ဆန်လည်း တစ်စေ့မှ မရှိတော့ဘူး။ ငါ အရီးမှုံတို့ဆီသွားပြီး တစ်ခွက်လောက် ချေးကြည့်ဦးမယ် ”

ဟုပြောကာ အိမ်မှထွက်ခဲ့ပေသည်။ အမှန်မှာ မထားခင်သည် အရီးမှုံထံမှ ဆန်တခွက် ချေးမည်ဟူ ၍သာ ထွက်ခွာလာရသော်လည်း အရီးမှုံမှာ မုဆိုးမ တစ်ယောက်မျှသာ ဖြစ်ချေသည် ၊၊ အခန့်ပင် အရီးမှုံအား တဲရှေ့တွင် တွေ့ရသဖြင့်

“အရီးမှုံ ဆန်ရှိသေးရင် တစ်ခွက်လောက် ချေးပါဦး၊ ကိုထွန်းခင်လဲ အိပ်ယာက မထနိုင်သေးဘူး အရီးမှုံ”

ဟု မထားခင်သည် မျှော်လင့်ကြီးစွာ ဖြင့်ချေးငှားလိုက်ပေသည် ၊၊

“အဲဒါမှ ဒုက္ခဘဲ ထားခင်ရယ် ငါလဲမနေ့ကတည်းက ညီးကို ဆန်နှစ်ခွက်ပေးပြီး ကျန်တဲ့ဆန်လေး ချက်စားလိုက်လို့ ကုန်ပါပြီကော”

အဖွားအို စိတ်ပျက်လက်ပျက် ညီးတွားလိုက်သည်။ ပါးစပ်အဟောင်းသားနှင့် ထားခင်မှာ နားထောင်နေမိ၏။ သူမ မျှော်လင့်ကြီးစွာဖြင့် ချေးမည်ဟု ရည်မှန်းထားခဲ့သည့် အရီးမှုံပင် ငတ်ပြတ်ခြင်းဘေးဖြင့် ရင်ဆိုင်နေရပါပြီကော၊၊

အရီးမှုံထံမှ မျှော်လင့်ချက်ကင်းမဲ့သဖြင့် မထားခင်သည် ရွာလယ်ပိုင်းမှ ရေနံအလုပ်သမားကြီး ကိုနေဝင်းတို့ အိမ်ဘက်သို့ လှည့်လာခဲ့ပြန်ရ၏။ အချေးအငှား လာရောက်ရသူ မထားခင်မှာ ကလေးများ ငိုယိုရိုက်နှက်သံနှင့်အတူ ကိုနေဝင်း၏မယား မလှ ၏ ကြိမ်ဆဲသံကိုပါ ကြားနေရသဖြင့် ကမ္ဘာမီးလောင်ရသည့်အထဲ ဆီမီးဝင်မတောက်ချင်သဖြင့် ပြန်လှည့်ခဲ့ရပေသည်။ သူမ အဖို့ တစ်ခွက်မျှသော ဆန်ရရှိရေးအတွက် မျှော်လင့်ချက်ကား ကုန်ဆုံးခဲ့ချေပြီ၊၊

ဆန်-ထင်း-ကျွန်းသစ်နှင့် မြေထွက် သဘာဝပစ္စည်းများ ပြည့်ဝ ကုန်လုံသည် ဆိုသည့် ဆောင်ပုဒ်မှာ မထားခင် ကဲ့သို့သော လူတန်းစားများအတွက် ရယ်ဖွယ်ကောင်းသော ပုံပြင်တစ်ခုကဲ့သို့ ဖြစ်နေပေ၏။ နေထွက်မှနေဝင် ၊ နွားနှင့်အတူ ရုန်းကာ ပင်ပန်းကြီးစွာဖြင့် လုပ်ကိုင်ရှာဖွေခဲ့ရသူ အလုပ်ကြမ်းသမားကြီး ကိုထွန်းခင်မှာ သူ၏ အိမ်ထောင်အတွက် မငတ်ရုံသာ ရှာဖွေကျွေးမွေးနိုင်ခဲ့၏။ ယခုကဲ့သို့ အိပ်ရာထက်တွင် လူမမာကြီးတစ်ယောက်အဖြစ် ဘုန်းဘုန်းလဲရသည့် အချိန်တွင်မူ စားစရာဟူ၍ ဆန်စေ့တစ်စေ့မျှပင် မရှိရှာတော့ပေ၊၊

ချေးငှားမည့်သူ ကယ်တင်ရှင်ဟူ၍ ရွာထဲတွင် မရှိသလောက်ရှားပေသည် ၊၊ အဘယ့်ကြောင့်ဆိုသော် အများစု လူဦးရေမှာ ရေနံစက်ပေါ် မှီခိုနေကြသူများဖြစ်၍ ယခုကဲ့သို့ ရေနံမြေသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သောအခါ သူတို့အားလုံးသည် ရေနံမြေသပိတ် တပ်မတော်သားများအဖြစ် ကူးပြောင်းလာရပေသည်၊၊

နိုင်ငံရေး တရပ်အနေဖြင့် အောင်မြင်မှု ဖြစ်သော်လည်း ယင်းတို့၏ ဝမ်းရေးမှာမူ ကျဆုံးနေရပေပြီ ၊၊ ရေနံမြေရှိ အလုပ်သမားများ၏ သားငယ် သမီးငယ်နှင့် အိမ်ထောင်သည် မိန်းမသားများ၏ ငတ်မွတ် ငိုယိုညီးတွား နေကြသည့် အသံသည် အဝီစီ ပွက်သကဲ့သို့ ဖြစ်နေပေသည်။ ရွာတဘက်များမှ တဘက်ဖျားသို့ ရောက်သည့်တိုင် ဆန်ချေးငှားမည့်သူအား မျှော်လေတိုင်း ဝေးခဲ့သည့် မထားခင် ခင်မျာမှာ အိမ်ဘက်သို့ တပ်ဆုတ်ရမလို ဖြစ်နေ၏ ၊၊ သို့ပါသော်လည်း သူမအဖို့ အိမ်သို့ လက်ချည်းသက်သက် ပြန်ရမည်ကို သေရမလောက် ကြောက်ရွံ့လာခဲ့ပေသည်၊၊

အစားအစာဟူ၍ တစ်စက်မျှ မရှိရှာသော ခင်ပွန်းသည် ကိုထွန်းခင်၏ မချိတင်ကဲ ညီးညူသံသည် သူမ၏ ရင်အား ကွဲစေမတတ် ဖြစ်မိ၏ ၊၊ ထို့ပြင် စားနိုင်သောက်နိုင် အပျိုရွယ်လေး နှင်းဥမှာလည်း ထမင်းမစားရ၍ အဘယ်မှ ဆာလောင်နေမည်ကို တွေးမိသေး၏ ၊၊

ရွာစွန်တောင်ပိုင်းသို့ ရောက်လာခဲ့သော မထားခင်၏ ခြေလှမ်းသည် ခန့်ညားသော အိမ်တစ်ဆောင်ရှေ့သို့ ရောက်သောအခါ တန့်သွားပေသည်၊၊ သူမအနေဖြင့် နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်ပေသည်၊၊ သို့ဖြင့် သူမသည် အိမ်ဝင်းထဲသို့ မရဲတရဲ လှမ်းဝင်လာခဲ့လေသည်။ ဝင်းခံတံခါးမှာ အတွင်းမှ ပိတ်ထားသဖြင့် လှမ်း၍ခေါ်သဖြင့် အထဲမှ ကုလားလေးတစ်ယောက် လာဖွင့်ပေးပေသည်၊၊

“ဟဲ့… ကောင်လေး ၊ အာမက်ရှိသလား”

“ရှိတယ် .. အစ်မ”

“ငါသူနဲ့ တွေ့ချင်တယ်”

ဟုပြောကာ ခြံဝင်းထဲသို့ ဝင်လာခဲ့ပေသည် ၊၊ သူမ ဧည့်ခန်းထဲသို့ ရောက်သောအခါ အသားမဲမဲ ထောင်ထောင်မောင်းမောင်း ကုလားတစ်ယောက် အတွင်းခန်းမှ ထွက်လာ၏ ၊၊

“သြော် … အစ်မကြီးပါလား ၊ ဘာကိစ္စပါလဲ”

“သြော် …. အင်း…. ကိစ္စရှိလို့ပေါ့ အာမက်ရယ် ၊ မင်းအစ်ကိုလည်း တော်တော်မမာနေဘူး၊ အဲဒါ ဒို့များကို ငွေလေးဘာလေး ချေးစမ်းပါဦး၊ မင်းအစ်ကို အလုပ်ဝင်ဝင်ချင်း ပြန်ဆပ်ပါ့မယ်”

မထားခင်သည် မျှော်လင့်ကြီးစွာဖြင့် အခန့်သား ကုလားထိုင်ပေါ်တွင် ထိုင်နေသော အာမက်အား တောင်းပန်လိုက်သည်၊၊

“ကျတော် အစ်မကြီးကို ကူညီချင်ပါတယ်၊ ဒါပေမယ့် အလုပ်အကိုင်တွေက မကောင်းဘူးဆိုတာ အစ်မကြီးလည်း သိသားဘဲ”

ရေနံမြေမြို့တော်သို့ လူမှန်းသိသည့် အရွယ်မှ ရောက်ကာ ငွေတိုးချခြင်းဖြင့် ကြီးပွားလာခဲ့သော ခေါ်တောပေါက် အာမက်သည် မြန်မာရည်လည်စွာ ဆင်ဝှေ့ရန်ရှောင် ငြင်းလိုက်ပေသည်။

“အေးပါဟယ် .. အာမက်ရယ် ၊ ငါလဲသိပါတယ် ၊ ခက်တာက မင်းအကိုကြောင့်ပါဟယ် များများလည်း မဟုတ်ပါဘူး ၊ ဆီဖိုး ဆန်ဖိုး လောက်ပါဘဲ”

“ခက်တယ် … .အစ်မကြီး အခုသပိတ်မှောက်လို့ ကျတော် ငွေနှစ်ထောင်လောက် ဆုံးနေတယ် ၊ ဒါကြောင့်ပါ အရင်က ကျတော် ငြင်းဖူးလို့လား”

ခက်သည် ယခုမှခက်သည် ၊ မထားခင်အဖို့ လဲ၍ သာ သေလိုက်ချင်၏ ။ တဖက်တွင် စီးပွားပျက်ကပ်ခေတ် အခြားတဖက်တွင် လူမမာ လင်သား ၊ အဘယ်ကဲ့သို့ ဆန်ဘိုးလေးလောက်ကိုပင် ရှာဖွေရမည်နည်း ၊ ယောကျ်ားသား ဖြစ်ခဲ့ပါမူ ၊၊ အားနွဲ့သော မိန်းမသား

“အာမက်ရယ် အစ်မကိုတော့ ဒီတခါကြည့်ပါဦး ဟယ်”

ဟု မျက်ရည်ဝိုင်း၍ ပြောရှာပေသည် ။ အာမက်သည် ထိုင်ရာမှ ထလိုက်သည်။ ဧည့်ခန်းတွင် ခေါက်တုန့် ခေါက်ပြန်လျှောက်နေ၏ ။

“ကျတော် မတက်နိုင်လို့ပါ အစ်မကြီးရယ်”

မထားခင် အဖို့ကား မျှော်လင့်ချက် ကုန်ဆုံးခဲ့ပေပြီ ။ စိတ်ပျက်စွာဖြင့် ထိုင်ငိုင်နေသော မထားခင်သည် အိမ်ပြန်တော့မည်ဟု ထလိုက်သည် ။ ထိုအချိန်တွင် ခန်းစီးအားမ၍ ထွက်လာသော မုတ်ဆိတ် ဗရဗွဖြင့် ခေါ်တော ကုလား ထွက်လာသည်ကို တစ်ချက်မျှ ကြည့်လိုက်မိ၏ ။ ထိုကုလားမှာ အသက် ၄၀ ခန့်ရှိ၍ အာမက်ကဲ့သို့ပင် မျက်နှာလည်း ဆင်၍ ထောင်ထောင်မောင်းမောင်း ဖြစ်၏ ။ ထိုကုလားကပင် အာမက်အား ယင်းတို့ ဘာသာစကားဖြင့် လှမ်းပြောလိုက်သည်ကို ခေတ္တမျှ နားထောင်ပြီး

“အစ်မကြီး ခဏနေဦး”

ဟု လှမ်း၍ ဟန့်တားလိုက်သဖြင့် မထားခင်မှာ ပြန်၍ ထိုင်ရပေသည် ။

“ဒါ ကျတော့် ဦးလေးပဲ … အစ်မကြီး ၊ သူမနေ့က မှ ဘင်္ဂလားက ရောက်တယ် ၊ အဲဒါ သူကပြောတယ်”

“ဘာပြောသလဲ အာမက်ရယ်”

“အစ်မကြီးကို ပြောရမှာခက်တယ် အစ်မကြီး ၊ ဒါပေမယ့် ကျတော့် ဦးလေးက အစ်မကြီးကို အင်မတန် သနားလို့ ပြောခိုင်းနေတယ်”

“ဘာများ လဲကွယ် အာမက်ရယ် ပြောစမ်းပါဦး ”

အာမက်သည် တစ်ချက်မျှ တွေဝေသွားပြီး ဆက်၍

“ကျတော်ပြောတာ စိတ်မဆိုးရင်တော့ ကျတော်ပြောပြပါ့မယ် နောက်ပြီး ကျတော်ပြောတာကို ကျတော်ရယ် ဦးလေးရယ် အစ်မကြီးရယ် ဒီသုံးယောက်ပဲ သိစေချင်ပါတယ်”

ယခုကဲ့သို့ လျှိူ့ဝှက်ရမည့် အကြောင်းအရင်း ရှိနေသည့် လုပ်ငန်းဟူ၍ သိရှိလာသော မထားခင်သည် မျက်လုံးပြူးရပြန်၏ ။

“ဘယ်လို အကြောင်းအခင်းများလဲကွယ်၊ မင်းပြောတဲ့ ကိစ္စက အစိုးရ မင်းဘေး မကင်းတဲ့ ဟာများလား”

အာမက်သည် ရိုးသားလှသော မထားခင်အား ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်သွမ်းလိုက်ရင်း

“ကျတော် ပြောတာက ရာဇဝတ်မှုကျူးလွန်ဖို့ မဟုတ်ပါဘူး၊ ကဲ အစ်မကြီး စိတ်မဆိုးနဲ့နော် ၊ ကျတော့် ဦးလေးက … ဟဲဟဲ.. အစ်မကြီးကို မြင်မြင်ချင်း မျက်စေ့ကျလို့ ပြောပေးပါတဲ့”

မထားခင်သည် အာမက်ပြောစကား ကြားလိုက်ရသည်မှာ နွေခေါင်ခေါင် လျှပ်လက်၍ မိုးကြိုးပစ်လိုက်သည်ဟု ထင်မိပေ၏ ။ သူမ တကိုယ်လုံးမှာ ဒေါသဖြင့် တုန်လှုပ်နေရှာ၏ ။

“ဘာ ဘာပြောတယ် ၊ အာမက် နင်… နင်သိတယ် မဟုတ်လား ငါ့ဟာ လင်နဲ့သားနဲ့ ဆိုတာ”

မထားခင်မှာ ဒေါသဖြစ်လွန်းသဖြင့် အထစ်ထစ် အငေါ့ငေါ့နှင့် ရန်တွေ့မိ၏ ။

“အစ်မကြီးကို စိတ်မဆိုးဘို့ ကျတော် အစကတည်းက တောင်းပန်ထားတယ် ၊ ဒါအစ်မကြီးစဉ်းစားဖို့ပါ ၊ အခုအစ်ကိုမမာဘူးဆိုလို့ ကျတော်က ကြားက ဝင်ပြောမိတာ ၊ အခုကိစ္စက အစ်မကြီးသာ ဦးလေးပြောသလို နားထောင်မယ်ဆိုရင် အစ်မကြီးရဲ့ အိမ်ထောင် ကောင်းစားဘို့ပဲလေ၊ အစ်ကို့ကိုဆေးကုဖို့ ငွေရမယ် ၊ အစ်မကြီးဟာ အိမ်ထောင်သည် ၊ မိခင်တယောက်ပဲ ဦးလေးပြောတာ နားထောင်လို့တော့ ဘာမှနစ်နာဖို့ မရှိဘူး ၊ဒါကြောင့် ကျတော်ပြောတာ လူသိခံဘို့ မလိုဘူးလို့”

သွက်လိုက်စွာ မြန်မာစကားဖြင့် တတွတ်တွတ် ပြောနေရှာသည့် အာမက်၏ စကားများကို မထားခင်သည် နားထောင်နေမိ၏ ၊၊ ထိုသို့ နားထောင်ရင်း မျက်ရည်များကလည်း တပေါက်ပေါက် ကျဆင်းနေပေသည် ။ ယခုလို အချိန်မျိုးတွင် ယခုကဲ့သို့ အပြောခံရခြင်းသည် အလွန် စိတ်ထိခိုက်မိ၏ ။ လူသိရှင်ကြား စော်ကားမှုအား တိုင်ကြားပါက မိမိသာ အစော်ကားခံရသဖြင့် အရှက်ကွဲရပေမည် ။

ထို့ပြင် အိပ်ယာထက်တွင် ငတ်ပြတ်နေသော လူမမာသည် ၊ လင်သား ၊ မိမိတို့၏ အငတ်ပြသနာအား လွတ်ကင်း လွတ်မြောက်ရန်မှာ အခြားသောနည်းဖြင့် ရွှေပြည်တော် မျှော်လေတိုင်းဝေးသာ ဖြစ်ပေ၏ ။ အထူးသဖြင့် သူမ၏ စိတ်ကို ပိုမို ထိခိုက်စေသည်မှာ သူမ၏ ချစ်လင် ကိုထွန်းခင် အတွက်သာ ဖြစ်ပေသည် ။ လူလားမြောက်၍ အရွယ် ရောက်ကာ မိမိနှင့် ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် ပေါင်းသင်းလာသည့်အချိန်မှ ယခုတိုင် ရိုးသားစွာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးလာသော ကျေးဇူးရှင်လင်သား ၊ သစ္စာရှိချစ်လင်အား မမာကျန်းသော အချိန်တွင် အသက်ဆုံးရှုံး ခံစေရမည်မှာ သူမအဘို့ တာဝန်မကင်းပေ ။

သို့ဖြစ်၍ သူမအဘို့ အာမက် ပြောသလို လိုက်နာရမည်ကဲ့သို့ပင် ဖြစ်နေ၏ ။ လူရည်ပါးနပ်လှသော အာမက်သည် မိမိ၏ ပစ်ကွင်းသို့ မထားခင်တစ်ယောက် ယိမ်းယိုင် ဝင်ရှာလာသည့် အရိပ်အယောင်ကို တွေ့ရှိလျှင်ပင်

“အစ်မကြီးကို ကျတော် ခင်လို့ပြောနေတယ် ဆိုတာ ယုံစမ်းပါ ၊ အခုကိစ္စကို ဘယ်သူမှ သိဘို့မလိုဘူး ။ နောက်ပြီး အစ်မကြီးက အပျိုရွယ်လေးလဲ မဟုတ်ပါဘူး၊ ဒီတော့ ဦးလေး အလိုကို လိုက်ပေးလိုက်ရုံနဲ့ အစ်မကြီး အိမ်ထောင်ရေးဟာ အဆင်ပြေပါလိမ့်မယ်”

Scroll to Top