တောင်ပြာတန်းက မောင့်ချစ်သူ

🎶မေမြို့ သို့မဟုတ် ပြင်ဦးလွင် တိမ်ခိုးကလေးများ ရစ်သိုင်းပါလို့ဆင် …. ပန်းကမ္ဘာမျှော်စင် လှမ်းသာခေါ်ချင် …🎶

ဆိုတဲ့ သီချင်းကို နားထောင်ဖူးကြလား မသိဘူး..။ ကျနော် ပြင်ဦးလွင်သူလေး တစ်ယောက်နဲ့ ဖူးစာဆုံဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြချင်လို့ ပြောပြရဦးမယ်ဗျာ…။ ကဲ… စမယ်။

တစ်နေ့ … ကျနော် ပထမနှစ် ကျောင်းပိတ်တုန်းကပေါ့။ ဧပြီလ နွေရာသီ ကျောင်းပိတ်တော့ အိမ်ကအဖေရယ်၊ အမေရယ်၊ ကျနော်ရယ် သုံးယောက်သား ကားလေးနဲ့ ပြင်ဦးလွင်ကို သွားလည်ဖြစ်တယ်ဗျ။ ကျနော်တို့နေတာက မန္တလေးဆိုတော့ ပြင်ဦးလွင်နဲ့ နေ့ချင်းပြန် သွားလို့ရတယ်။ ဘာရယ် မဟုတ်ပါဘူး။ တစ်နေကုန် ဟိုသွားဒီသွား လျှောက်သွားကြမယ်ပေါ့။ မရောက်တာကြာတာလည်း ပါတာပေါ့။

မနက်စောစော မဟာအံ့ထူးကံသာ ဘုရားကို ဝင်ဖူးတယ်။ အဲဒီမှာ စတွေ့တာပဲ။ ဘုရားဖူးနေရင်းနဲ့ မလှမ်းမကမ်းမှာ ကောင်မလေး တစ်ယောက်ကို တွေ့တာ..။ ကျနော်နဲ့ ရွယ်တူလောက်တော့ ရှိမယ်။ ကောင်မလေး တစ်ယောက် ဆံပင်လေး မတိုမရှည်နဲ့ အသားဖွေးဖွေး၊ လူကောင် သေးသေးလေး၊ နှာခေါင်းလေးက ချွန်ချွန်လေးနဲ့ နှုတ်ခမ်းပါးလေးတွေက နီနီလေး။ အဲဒီတော့ အီဖေကိုယ်လည်း ဘုရားဖူးပြီးတာနဲ့ နှစ်ယောက်ကျော်လောက်က ကောင်မလေးကို ခဏခဏ လှမ်းကြည့်ဖြစ်တယ်ပေါ့။

သူလည်း သူ့အဖေ၊ အမေတို့နဲ့ လာတယ်ထင်တာပဲ။ သူနဲ့ပါလာတဲ့ မိန်းမကြီးက သူနဲ့ ရုပ်ချင်း ခပ်ဆင်ဆင်တူတယ်။ သူနဲ့ပါလာတဲ့ ဘိုးတော်ကြီးနဲ့ ဘွားတော်ကြီးက ဘုရားရှစ်ခိုးတာ တော်တော်နဲ့ မပြီးဘူး။ သူလေးကတော့ ဘုရားရှိခိုးပြီးတာနဲ့ ဟိုဟိုဒီဒီကြည့်ရင်း ကျနော်နဲ့ အကြည့်ချင်း သွားဆုံဖြစ်တယ်။ သူလည်း ကျနော့်ကို ခဏလောက် ကြောင်ပြီး ကြည့်နေသေးတယ်။ နောက်တော့မှ ချက်ချင်းပဲ ဟိုဘက် ပြန်လှည့်သွားတယ်။

ကျနော်လည်း အမေတို့ မပြန်မချင်း ကောင်မလေးကို ခဏခဏ ကြည့်ကြည့်နေမိတယ်။ ဘာလို့လဲ မသိဘူး။ အဲဒီကောင်မလေးကို ကျွန်တော် အရမ်းချစ်မိသွားသလိုပဲ။ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ အဲဒီလိုမျိုးကို ခေါ်တာလား မသိဘူးနော်…။ နောက်တော့ အဖေတို့လည်း ဘုရားဖူးလို့ ပြီးတော့ ဘုရားရင်ပြင်တော်ပေါ်မှာ တစ်ပတ် ပတ်ဖြစ်တယ်။ အဲ့ဒီမှာ သူလေးကို နောက်တစ်ခါ ထပ်တွေ့သေးတယ်။ သူ့မျက်နှာလေး မြင်လိုက်တာနဲ့ ကျနော့် ရင်ဘတ်ထဲက ဒိန်းကနဲ ၊ ဒိန်းကနဲ ခုန်ခုန်လာတယ်…။ အင်း ခက်တော့ ခက်နေပြီ ကောင်မလေးရယ်…။ နောက်လည်း ဆုံရဖို့ မလွယ်ဘူး။

အဲ့လိုနဲ့ ကျနော်တို့ ဘုရားကပြန်တော့ ပွဲကောက်ရေတံခွန် ဝင်တယ်။ ပွဲကောက်မှာများ တွေ့ဦးမလားဆိုပြီး ကျနော် ဟိုဟိုဒီဒီ ရှာကြည့်မိသေးတယ်။ ဒါပေမဲ့ ကံတရားက ကျနော့်ဘက်မှာ မရှိဘူးဗျာ…။ ဖြူဖြူသေးသေး ကောင်မလေးကို ကျွန်တော် မတွေ့ရဘူး။ ပွဲကောက် ရေတံခွန်က ပြန်တော့ ပိတ်ချင်းမြောင်ကို သွားတယ်…။ ပိတ်ချင်းမြောင်က လှိုင်ဂူကြီးဆိုတော့ နှလုံးရောဂါရှိတဲ့ ကျနော့်အမေ အထဲထိ မဝင်ဘူး။ အထဲမှာ အသက်ရှူကြပ်တယ်လေ။ အမေ မဝင်ဘူးဆိုတော့ ကျနော့်အဖေလည်း အပြင်မှာ စောင့်နေခဲ့တယ်ပေါ့… ဟဲဟဲ…. ဒါက သဘာဝပဲလေ…။ သား… အထဲသွားချင်ရင် သွားလေ ဆိုတာနဲ့ ကျနော်လည်း အထဲကို ဝင်ဖြစ်တယ်။

ကျနော် အထဲကိုသာ သွားနေတာ စိတ်ထဲမှာ ဘာမှမရှိဘူး..။ အဲ… ဘာမှမရှိဘူးတော့ မဟုတ်ဘူး။ မနက်က မင်းသမီးလေးအကြောင်းပဲ ကျွန်တော်တွေးမိနေတာ..။ ကျနော်နဲ့ ဘယ်လိုမှ မဆုံနိုင်တဲ့ ဘဝ မဟုတ်ပါလား။ သေချာတာ တစ်ခုကတော့ သူလေးကို ကျနော် တော်တော်လေး ချစ်မိနေပြီပဲ ဆိုတာပေါ့။ သူ့မျက်နှာလေး မြင်ပြီးကတည်းက ဘာကိုပဲကြည့်ကြည့် သူ့မျက်နှာလေးပဲ မြင်မြင်နေတာလေ။ ပိတ်ချင်းမြောင် ဂူအဆုံးထိ လျှောက်ပြီးသွားတော့ ဘုရားဖူးမယ်ဆိုပြီး အစွန်နားလေးမှာ ထိုင်လိုက်တယ်။ ဘုရားရှိခိုးပြီးတော့ ဘုရားမှာ ဆုတောင်းမိတယ်။ မနက်က ကောင်မလေးနဲ့ ပြန်ပြီး ဆုံတွေ့ရပါစေသားပေါ့။

ဆုတောင်းပြီးလို့ မျက်လုံးလည်း ဖွင့်ကြည့်လိုက်ရော…. ကျနော့် ရင်ဘတ်ကြီးထဲမှာ ဒိန်းကနဲ ဖြစ်သွားပြန်တယ်…။ ကျနော့် မျက်လုံးထောင့်စွန်းမှာ ဘုရားရှိခိုးနေတဲ့ သူလေးကို ဖျတ်ခနဲ တွေ့လိုက်မိလို့…။ ကောင်မလေးရဲ့ ဘေးနားကို တစ်ချက်ကြည့်တော့ မနက်က ဘိုးတော်ကြီးတို့ ပါမလာဘူး။ ကြည့်ရတာ သူလည်း ကျနော့်လိုပဲ ထင်တယ်။ တစ်ယောက်ထဲ အပေါ်တက်လာတာ။ ဆံပင်လေးကို ဖြောင့်စင်းပြီး ရွှေရောင်ဆံပင်လေးဆိုးထားတဲ့ ပုံလေးကို ကျနော် နောက်ကနေ တစိမ့်စိမ့် ကြည့်နေမိတယ်။ ဒီလိုအချိန်လေးတွေ မကုန်ဆုံးပါရစေနဲ့…။

ခဏလောက်ကြာတော့ သူ ကျနော့်ဘက်ကို ဖြတ်ခနဲ လှည့်ကြည့်တယ်ဗျ။ ကျနော်လည်း ဘာလုပ်ရမှန်း မသိတာနဲ့ သူ့ကို ရယ်ပြလိုက်တယ်။ သူလည်းကျနော့်ကို ပြန်ပြီး ရယ်ပြတယ် ထင်တာပဲ။ ရင်တွေခုန်လွန်းလို့ ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတော့တာ။ အဲဒီအချိန်မှာပဲ ကျနော့် ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ အတွဲက ထထွက်သွားတယ်။ ကံကောင်းတယ်လို့ ပြောရမှာပေါ့။ ကျနော်နဲ့ ကောင်မလေး ကြားထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျနော်လည်း ဖင်ကို တရွတ်တိုက်ဆွဲပြီး သူ့နားကို အသာလေး တိုးသွားလိုက်တယ်။

”ဘုရား လာဖူးတာလား…”

သူ လှည့်ကြည့်တယ်။ ဘာမှတော့ ပြန်မပြောဘူး။

”မနက်ကလည်း တွေ့တယ်နော်။ ပြင်ဦးလွင်ကို လာလည်တာလား”

ကျနော် တည်တည်တံ့တံ့ပဲ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာမျိုးနဲ့ ပြောလိုက်မိတယ်။ သူ့ကို နှောင့်ယှက်တဲ့ တေလေဂျပိုးလို့ မထင်စေချင်ဘူးလေ။

”အကောင်းနဲ့ မေးတာပါ။ ခရီးသွားတဲ့ လူချင်း အတူတူ ဆိုတော့လေ…။ ကိုယ်က မန်းလေးက လာတာ။ ဒီကို မရောက်တာ ကြာလို့…”

”ချိုက ပြင်ဦးလွင်မှာပဲ နေတာ..။ မြင်းခြံက အဒေါ်လာလို့ လိုက်ပို့တာ…”

သူလေးဆီက ဘယ်လိုမှ မထင်မှတ်ထားတဲ့ အသံလေးကို ကြားလိုက်ရတယ်။ ကောင်မလေးရဲ့ နာမည်လေးကိုပါ တစ်ခါထဲ သိလိုက်ရတယ်…. ချိုတဲ့….။ သူလေးနဲ့ တွေ့ရတာ ကိုယ့်ရင်ထဲမှာလည်း ချိုမြသွားတာပါပဲ ကောင်မလေးရယ်…။

”မပြန်သေးဘူးလား။ အောက်မှာ အဒေါ်တွေ စောင့်နေတယ် မဟုတ်လား”

ကျနော် စကားမရှိ စကားရှာပြီး လျှောက်ပြောဖြစ်တယ်။

”အင်း….။ ပြန်တော့မှာ…။ ချို ဒီသရက်ပင်ကြီးကိုတွေ့တိုင်း သရက်သီးတွေ ခူးခူးစားချင်လို့ ကြည့်နေတာ…”

”အာ…. ချိုကလည်း ဒါက သရက်ပင် အတုကြီးဟာကို ဘယ်လိုလုပ် သရက်သီး ခူးစားလို့ရမှာလဲ…”

သူကလည်း ချိုဆိုတာနဲ့ ကျနော်လည်း ကောက်ပြီးချိုပလိုက်တယ်…. မှတ်ကရော…။

”ဟီး… ဟုတ်တယ်နော်…. သရက်ပင် အတုကြီးပဲဥစ္စာ။”

ကျနော့်ကို ခပ်ပြုံးပြုံးလေး ကြည့်ရင်း ရယ်ပြီးပြောတယ်။ ကျွန်တော်လည်း ချို့ကို ပြန်ပြီး ရယ်ပြဖြစ်တယ် ထင်တာပဲ။ ကျနော့် စိတ်ထဲမှာ သိလိုက်တာတော့ ကျနော်နဲ့ ချို ခင်သွားပြီဆိုတာပဲ။

”တူတူ ပြန်ဆင်းရအောင်လေ…။”

ကျနော် သူ့ကို ပြန်ဖို့ပြောတော့ သူလည်း အင်း ဆိုပြီး ထလာတယ်။ ပိတ်ချင်းမြောင်ဂူထဲက ပြန်အထွက်မှာ ကျောက်နံရံကြားက ထွက်လာတဲ့ ရေတွေကို လက်နဲ့ လိုက်လိုက်ဆော့နေလို့ ကျနော့်မှာ ချို ဓာတ်လိုက်မှာစိုးလို့ မနည်းလိုက်ဆွဲရတယ်။ သူကတော့ စပ်ဖြဲဖြဲနဲ့ တကယ့် ကလေးလေး တစ်ယောက်လိုပဲ…။ ဂူအပြင်နား ရောက်ခါနီးမှ နှစ်ယောက်လုံး မတိုင်ပင်ပဲနဲ့ အလိုက်တသိ လမ်းခွဲပြီး ပြန်လာခဲ့တယ်။ ပြင်ဦးလွင်က အပြန်လမ်းမှာတော့ ကျွန်တော့် ရင်ထဲမှာ ချိုဆိုတဲ့ ကောင်မလေးက ကပ်ပြီးတော့ပါလာပြီ။

ကျနော် အိမ်ရောက်ရောက်ချင်းပဲ သူ့ကို သတိရလွန်းလို့ ဖုန်းဆက်မလို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ သူ့နဲ့မတွေ့မှာစိုးလို့ သူပေးတဲ့ ဖုန်းနံပါတ်ကို မဆက်ဖြစ်ဘူး။ တကယ်တော့ ကျနော်ကသာ ကြောက်နေတာပါ။ သူပေးထားတာ သူကိုင်တဲ့ လက်ကိုင်ဖုန်း နံပါတ်ဆိုတော့ ဘယ်သူနဲ့မှ တွေ့စရာမရှိပါဘူး။ ညရောက်မှ ဆက်တော့မယ်ဆိုပြီး ကျွန်တော် အောင့်ထားလိုက်တယ်။ ကျနော့် စိတ်ထဲမှာ ညရောက်ဖို့ တော်တော်လေး ကြာတယ်လို့ ခံစားမိတယ်။ အဲ့လိုနဲ့ ညရောက်တော့ ကျွန်တော် ချို့ဆီကို ဖုန်းဆက်ဖြစ်တယ်။

”ဟိတ်…. ဘယ်သူလဲ သိလား…။”

” သိတယ်….။ နေ့လည်က ပိတ်ချင်းမြောင်မှာ တွေ့တဲ့ တစ်ယောက် မဟုတ်လား။”

”အင်း.. ဟုတ်တယ် ။ ဘယ်လိုလုပ် သိတာလဲ။”

”ဒီလိုပဲပေါ့…။”

စကားဆုံးတော့ သူမဆီက ရယ်သံလွင်လွင်လေးကိုကြားရတယ်။

”ကိုယ် ဖုန်းဆက်မှာကို မျှော်နေတာ မဟုတ်လား…”

လို့ ကျနော်စတော့..

”မမျှော်ပါဘူး။ ဘာလို့ မျှော်ရမှာလဲ…။ နေ့လည်က လူကို ခဏခဏ ငမ်းကြောထနေတဲ့ တစ်ယောက်က ဖုန်းနံပါတ် တောင်းသွားတော့ သူပဲဖြစ်မယ်ဆိုပြီး သိတာပေါ့။ ပြီးတော့ ချို့ဆီကို လာတဲ့ဖုန်းမှ များများစားစား မရှိတာ။”

”ဟုတ်လား….။ ချို့ဆီကို ကောင်လေးတွေ ဖုန်းမဆက်ဘူးလား။”

”မဆက်ပါဘူး။ ချိုကမှ ပြန်မပြောတာ။ မသိရင် လုံးဝမကိုင်ဘူး။”

”အခု ကိုယ့်ဖုန်းကြတော့ရော….။”

”အဲဒါက သူ ဆက်တဲ့ ဖုန်းမှန်း ချို့ စိတ်ထဲမှာ သိနေလို့ ကိုင်လိုက်တာ…။”

”ဒါဆို ချိုက ကိုယ့်ကို ခင်တယ်ပေါ့။”

”အင်း…. ။ ဘယ်လိုမှန်းမသိဘူး။ သူ့ကိုလေ… ချို မြင်မြင်ချင်း ခင်မိသလို ခံစားရလို့…။”

”ဘယ်က ‘သူ’ လဲ…။”

”အခု ဟိုဘက်က ဖုန်းနေတဲ့သူ ပေါ့။”

”အော်…..။ ဟုတ်သားပဲ။ ချိုက ကိုယ့်နာမည်မှ မသိသေးတာ…။ ကိုယ့်နာမည်က ကျော်သူစိုး တဲ့…။”

”ဟုတ်လား…။ ငယ်ငယ်က တော်တော်ဆိုးတယ်ထင်တယ်…။ နာမည်က ကျော်သူဆိုး ဆိုတော့…။”

”အာ… ကွာာာ…. မဟုတ်ပါဝူး…။ ကျော်သူဆိုး မဟုတ်ဘူး….။ ကျော်သူစိုး…။”

”ဟုတ်ပါပြီ… ကျော်သူစိုး ဆိုတော့လည်း ကျော်သူစိုးပေါ့။ ခစ်ခစ် ”

အဲ့လိုနဲ့ ပထမဆုံးနေ့မှာပဲ သူမနဲ့ ကျနော် စပြီး ခင်မင်မှု ရခဲ့တယ်။ ဧပြီလ ကျောင်းပိတ်ရက် တစ်လလုံး သူမနဲ့ညတိုင်း ဖုန်းပြောဖြစ်တယ်။ ကျွန်တော့်မိသားစုအကြောင်း ၊ သူမရဲ့ မိသားစုအကြောင်းပေါ့။ ချိုနဲ့ မနက်ပိုင်းတော့ ဖုန်းမပြောဖြစ်ဘူး။ သူ့ အိမ်က ဆွယ်တာဆိုင်ဆိုတော့ တစ်နေကုန် ဆိုင်မှာ ကူထိုင်ပေးရတယ်။ တစ်ခါတလေ ဆိုင်မှာ လူရှင်းရင်တော့ လူဆိုးလေး… ဘာလုပ်နေလဲ ဘာညာနဲ့ စာတွေပို့တယ်။ ကျနော်က သူ့ကို ချိုလို့ပဲ ခေါ်ပေမဲ့ သူကတော့ ကျွန်တော့်နာမည်မှာ စိုး ပါတာနဲ့ လူဆိုးလေးဆိုပြီး ခေါ်တယ်။ တကယ်တော့ ဘာမှလည်း မဆိုင်ပါဘူးနော့်…။

အဲလိုနဲ့ ဧပြီလကုန်လို့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းပြန်တက်ရတယ်။ ကျနော်က မန်းလေးမှာပဲ ကျောင်းတက်တယ်လေ။ သူကတော့ ပြင်ဦးလွင်တက္ကသိုလ်မှာပဲ တက်တယ်။ ကျနော် ချို့ကို မေးကြည့်ဖူးတယ်။

”ချိုက ဒီလောက်ချောတာ မေဂျာကွင်း မရဘူးလား”

လို့ပေါ့။ သူမ ရီပြီးတော့ ပြန်ပြောတယ်။

”ချိုက သူများတွေလို အယ်စတုံ ကြီးတွေမှ မဟုတ်တာ…။ ဘယ်လိုလုပ် ကွင်းရမှာလဲ”

တဲ့။ ဟုတ်လည်း ဟုတ်တယ်။ ချိုက ပိန်ပိန်ပါးပါးလေး။ အရပ်က ငါးပေနှစ်လောက်ပဲ ရှိတယ်။ ကျနော်နဲ့ ယှဉ်ရင်တော့ ပုမှာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ ဆိုရင်တော့ အတော်လောက်ပါပဲ။ ကျနော့် စိတ်ထဲမှာလည်း ပိန်ပြီး အရမ်းအရပ်ရှည်တဲ့ မိန်းကလေးတွေဆိုရင် ကလန်ကလားနဲ့ ကြည့်မရဘူး။

ကျောင်းဖွင့်ပြီးပြီးချင်းပဲ ချို့ကို ကျွန်တော် ဖွင့်ပြောလိုက်တယ်။ ဘာရယ် မဟုတ်ဘူး။ စာတွေကလည်း များတာနဲ့ စိတ်ညစ်ပြီး ဖွင့်ပြောလိုက်တာ…။ အဲလိုနဲ့ ကျောင်းပြန်ဖွင့်ပြီး နှစ်လလောက်ကြာတော့ ချို့ဆီက အဖြေပြန်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဖြေရတဲ့နေ့က သူမမွေးနေ့။ ချိုက ကျနော့်ထက်တော့ နှစ်လကျော်ကျော်လောက် ငယ်တယ်။ လူ့ သဘာဝ ဆိုတာကလည်း ဆန်းကြယ်သားနော်..။ ညတိုင်း ဖုန်းပြောရုံနဲ့လည်း မတင်းတိမ်ဘူး ဖြစ်လာတယ်ဗျာ။ အဲဒါနဲ့

“ချိုနဲ့လာတွေ့လို့ ရမလား”

ဆိုတော့.. ချိုကလည်း

”ကျောင်းဖွင့်ရက် တစ်ရက် လာတွေ့လေ”

တဲ့…။ တကယ်တော့ ချိုတို့အိမ်က အရမ်းစည်းကမ်းကြီးတယ်ဗျ…။ ဒီအရွယ်ကြီး ရောက်တဲ့အထိ ချိုကို သူ့အဖေက ကားနဲ့ အပို့အကြို လုပ်တုန်းပဲ…။ ကျောင်းဖွင့်ရက် လာတွေ့ခိုင်းတာက သူ့အိမ်က လိုက်ပို့ပြီးရင် ကျောင်းတက်ချင် ယောင်ဆောင်ပြီးမှ ကျနော်နဲ့ အပြင်ထွက်လည်မလို့လေ..။ အဲဒါနဲ့ ကျနော်လည်း ကမန်းကတန်း ဗိုလ်သင်တန်းတက်နေတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ကို ကမန်းကတန်း အပူကပ်ပြီး စုံစမ်းရတယ်။ ပြင်ဦးလွင်က အတွဲတွေ ထိုင်လို့ကောင်းတဲ့ ဆိုင်တွေရယ်၊ ရုပ်ရှင်ရုံရယ်၊ ပြီးတော့…. ဟီးဟီး…. ပိတ်သတ်ကြီးသိတဲ့ အတိုင်းပဲပေါ့။ ပြီးတော့ နေ့လည်ပိုင်း လျှောက်လည်ဖို့ ဆိုင်ကယ်တစ်စီးလည်း ငှားရတာပေါ့ဗျာ…။ အဲဒါကတော့ ကျနော့်သူငယ်ချင်း ကျေးဇူးနဲ့ မြို့ခံ သူ့သူငယ်ချင်းဆီကပဲ ဟွန်ဒါဆိုင်ကယ် အကောင်းစား တစ်စီးကို အလကား ငှားလို့ရလိုက်တယ်…။ အဲ…. ကိုယ်ကတော့ ဆီထည့်ပေးရတာပေါ့နော်..။

Scroll to Top