လွင့်ထွက်သွားသော နှင်းဆီပန်း

ညနေခင်းတစ်ခုဝယ် ဆူညံပွက်လောထနေသော ညကလပ်တစ်ခုတွင် နောင်ရဲတစ်ယောက် အေးဆေးစွာ ဝီစကီ အွန်ရော့ခ်ကို တစ်ငုံချင်း စုပ်နေသည်။ ညနေ ခပ်စောစောအချိန် ဖြစ်သောကြောင့်လည်း လူသိပ် မစည်လှသေး။ ဒုံးချပ်ချပ်တီးလုံးနှင့်အတူ နောင်ရဲဘေးနားတွင် ကနေသော ညပျိုဖြူများကိုလည်း စိတ်မဝင်စား၊ အရှေ့တွင် စကားပြောနေသော သူငယ်ချင်းများရဲ့ စကားဝိုင်းထဲလည်း ဝင်မပြောမိ။ နှုတ်ဆိတ်စွာ ဝီစကီကို အရသာခံ သောက်နေသည်။ ခေါင်းထဲတွင်မှာတော့ ရီဝေဝေ အတွေးများအောက်မှာ သူချစ်ရတဲ့ ကောင်မလေး အကြောင်းသာ။

ဘာ့ကြောင့် နောင်ရဲ အရက်သောက်နေရသနည်း။ အဖြေမှာ မနက်ဖန်ညနေခင်းတွင် သူချစ်ရသော ကောင်မလေးနှင့် ညီအစ်ကိုပမာ ချစ်ရသော သူငယ်ချင်းဖြစ်သူ ရဲရင့်သွေး တို့ မင်္ဂလာဆောင်ရမည် ဖြစ်သောကြောင့်ပင်။

အတွေးတွေက အတိတ်သို့ နောက်ပြန်လည်သွားသည်။ ဇာတ်လမ်းတွေထဲကလို အဖြူ၊ အမည်းလည်း မဟုတ်၊ ကာလာနဲ့လည်း မဟုတ်ပေ။ သူတို့ သုံးယောက်မှာ ငယ်ငယ်လေးထဲက အတူသွား၊ အတူလာ၊ အတူစား၊ အတူကစားခဲ့ကြသည့် ငယ်ပေါင်းတွေ ဖြစ်သည်။ ကြီးလာတော့လည်း တက္ကသိုလ်အသီးသီး ကွဲသွားပေမယ့် အဆက်အသွယ်မပြတ်။

နောင်ရဲက ဆေးတက္ကသိုလ်၊ ကောင်မလေးက ကွန်ပြူတာတက္ကသိုလ်၊ ရဲရင့်သွေးက နာမည်နှင့်လိုက်အောင်ပင် သတ္တိကောင်းလှစွာ စစ်တက္ကသိုလ်သို့ ဝင်သွားသည်။ သို့သော် မွေးနေ့တိုင်းတွင်တော့ မဖြစ်ဖြစ်အောင် ဆုံတတ်ကြသည်။ ရဲရင့်သွေးကတော့ နယ်ဘက်တွေ တာဝန်ကျနေလျှင် တယ်လီဖုန်းနှင့် မွေးနေ့ဆုတောင်းတတ်သည်။ ကောင်မလေးနှင့် ရဲရင့်သွေးက ကျောင်းအရင်ပြီးသောကြောင့် ဆိုင်ရာဆိုင်ရာ အလုပ်တွေနှင့်ပေါ့။ နောင်ရဲ တစ်ယောက်သာ ကျောင်းမပြီးသေးသော ကျောင်းသားကြီး အဖြစ်နှင့်။ အားလုံးပေါင်း စာသင်နှစ် ၆ နှစ် ရှိသော ဆေးကျောင်းသားဘဝကို တခါတလေ မုန်းတီးတတ်လာသည်။ ဒါတွေထားပါလေ။

အဓိက အကြောင်းအရာကတော့ ရန်ကုန်တွင် ကျန်နေရစ်သော နောင်ရဲနှင့် ကောင်မလေးက အနေပိုနီးသည်ဟု ဆိုရမည်။ သူငယ်ချင်းအချစ်ကနေ ရင်ခုန်သံ ပေါင်းဖက်ကာ အရောင်ဆိုးဘို့ လွန်ခဲ့သောလ ကမှ နောင်ရဲ ကြိုးစားခဲ့သည်။ ဘွဲ့ရပြီးသောကြောင့်လည်း အားလပ်နေသော နောင်ရဲအတွက် ကောင်မလေးကို အချိန်ပိုပေးဖြစ်သည်။ သံယောဇဉ်ကို အခြေခံသောကြောင့်လည်း ကောင်မလေးဆီက အဖြေကို တစ်ပတ်အတွင်းပြန်ရခဲ့သည်။ နောင်ရဲတို့ ချစ်သူတွေဖြစ်သွားတာ ဘယ်သူမှ မသိလိုက်။ ရဲရင့်သွေးကိုလည်း သူ ခွင့်ရလို့ ရန်ကုန်ပြန်လာမှ ပြောရမည်ပေါ့။

ပျော်လို့မှ အားမရသေးခင် သတင်းဆိုးကြီးကြောင့် ၂ ယောက်သား တုန်လှုပ်စွာ ခြောက်ခြားခဲ့ကြသည်။ လောလောလတ်လတ်ကြီး ဖြစ်သောကြောင့် အဲ့ဒီနေ့ကို မှတ်မိသေးသည်။ နောင်ရဲအိမ်သို့ ရဲရင့်သွေး လာလည်သော အခိုက်ဖြစ်သည်။

“ဟေ့ရောင်… နောင်ရဲ…. ငါ… မင်းကို ပြောစရာရှိတယ်ကွ”

“ဟာ….. ငါလည်း ပြောမလို့ကွ… မင်းသတင်းက ဘာသတင်းလဲ…. သတင်းထူးလား”

“ငါ့အတွက်တော့ ထူးတာပေါ့ကွ….. ငါ အရင်ပြောမယ်ကွာ… မင်းနောက်မှ ပြော”

“အေးပါကွာ…. မင်းက အခုမှ အားလပ်တာဆိုတော့ မင်းကို ဦးစားပေးပါတယ်”

“ဒီလိုကွ… ငါ့အဖေနဲ့ အမေက ငါ့ကို ကြယ်စင်ခနဲ့ အိမ်ထောင်ချပေးမယ်ဆိုပြီး စီစဉ်နေတယ်ကွ”

ဟင်….. ဒါ ကောင်မလေး နာမည်ပဲ……. သူများတွေ ခေါ်နေသော နာမည်၊ အဖေ အမေ ပေးထားသော နာမည်ကို မခေါ်ပဲ “ကောင်မလေး” ဟုသာ အကြိမ်ကြိမ်ခေါ်ခဲ့သော ကြယ်စင်ခ ဆိုသော ကောင်မလေး။ ထိတ်လန့်မှု၊ စိုးရိမ်မှုကို မျက်နှာတွင် မပေါ်အောင်သာ ထိန်းထားလိုက်သည်။

“ဟ…. မင်းကို အခုမှ ပြောတာလားကွ… ဒီလောက် အရေးကြီးတာကို မင်းကို ကြိုပြောထားသင့်တာပေါ့”

“အေးကွာ… ငါလည်း တာဝန်ကျရာ နယ်ဘက်မှာဆိုတော့ အိမ်က ငါ့ကို အသိမပေးပဲ စီစဥ်ကြတာတဲ့…. ငယ်ငယ်လေးထဲက သူငယ်ချင်းတွေ ဆိုတော့လည်း ငြင်းမှာ မဟုတ်ဘူးဆိုပြီးတော့ပေါ့”

“မင်းဘက်ကကော ဘယ်လိုလဲကွ….. ကောင်…. အဲ…. ကြယ်စင်ခကို ဘယ်လိုသဘောထားလဲ”

“ဟဲဟဲ… ငါက အရင်ထဲက သူ့ကို ချစ်နေတာကွ…. အခု အိမ်ကစီစဉ်ပေးမယ် ဆိုတော့လည်း ငါဘာမှ လုပ်စရာ မလိုတော့ဘူးပေါ့ကွာ..”

“မင်းကလည်း ဖြစ်ရလေ…”

ရဲရင့်သွေး လက်မောင်းကို ခပ်ပါးပါးလေး ထိုးလိုက်သည်။

“အဲ့ဒါကို ကြယ်စင်ခကော သိပြီလား…”

“မပြောတတ်ဘူးကွ… ငါလည်း သတင်းကြားကြားချင်း မင်းဆီကို ထွက်လာတာ… အခု သူ့အိမ်သွားဘို့ မင်းလိုက်ခဲ့ကွာ…”

“ဒါဆို ခဏစောင့်ကွာ… ငါ အင်္ကျီလဲလိုက်ဦးမယ်….”

“နေဦး…. မင်းခုဏက ငါ့ပြောမယ်ဆိုတာ ဘာလဲကွ….”

“သြော်… အေး… ငါလည်း မေ့တော့မလို့… ငါ ကျောင်းပြီးပြီဆိုတော့ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ မင်းအဒေါ်နဲ့ တိုင်ပင်မလို့ကွ..”

တစ်ခါမှ မစဉ်းစားဖူးသော အတွေးများပင်။ ရဲရင့်သွေးရဲ့ အဒေါ်က ဆေးပညာပါရဂူကြီး တစ်ယောက် ဖြစ်သောကြောင့်၊ နောင်ရဲကိုလည်း စာသင်ပေးဖူးသောကြောင့်ပင်။

“ဘာများလဲလို့ကွာ… မင်းအားတဲ့အချိန်ပြော…. ငါ့အဒါ်အားတာနဲ့ မင်းကို သူ့ဆီခေါ်သွားမယ်…. ဘာမှ စိတ်မပူနဲ့… မင်းနဲ့ ခင်နေတာပဲကို…”

“အေးပါကွာ…. သူ့တူ ပါလာတော့ ငါပြောအား ပိုရှိသွားတာပေါ့ကွ….”

“အေးပါ… မြန်မြန်… ကြယ်စင်ခ စောင့်နေတော့မယ်…. ငါ မင်းဆီကို မလာခင် ဖုန်းကြိုဆက်ထားတာကွ… မင်းကိုပါ ခေါ်လာမယ့်အကြောင်း”

“မင်းကလည်း မယူရသေးဘူး…. ကြောက်နေပြီ… ဟားဟား…”

“မကြောက်ပါဘူးကွာ… ချစ်တာ… ဟားဟားဟား…”

ကောင်မလေးအိမ်ကို ရောက်တော့ ခြံထဲက ဒန်းလေးပေါ်တွင် ထိုင်ကာ သူတို့ကို စောင်နေသော အဖြူရောင်ဝမ်းဆက် ဂါဝန်ကားကားကြီးကို ဝတ်ထားသော ဆံပင်ရှည်ရှည် ကောင်မလေးကို တွေ့လိုက်ရသည်။ ရင်ထဲ နင့်နေတာပဲ ကောင်မလေးရယ်။ ကောင်မလေး မျက်ဝန်းတွေကလည်း မို့မို့ဖောင်းဖောင်းလေး ဖြစ်နေသည်။ ခုဏကမှ တရေးအိပ်ပြီးကာစမို့လို့ ဆိုသော စကားမှာလည်း ရဲရင့်သွေးကို ပြောသလိုနှင့် နောင်ရဲကို ပြောမှန်းသိသည်။

Scroll to Top