လွမ်းနေမယ် နန်းလေးရယ်

၂၀၀၈ ခုနှစ်၊ ဧပြီလ (၃) ရက်။ မကြာခင် သင်္ကြန်ကျတော့မည်။ သင်္ကြန်ရယ်၊ ဥသြရယ်၊ ရွက်ကြွေလေးတွေရယ်၊ ရှင်းပြီးလှပနေတဲ့ ကောင်းကင်ပြာလေးရယ်… ဒါတွေဟာ နွေဦးပန်းချီကားတစ်ချပ်ထဲက နွေသရုပ်စုတ်ချက်တွေပါပဲ ချစ်သူရယ်..။

ဟိုးဝေးဝေး ဗာင်္ဒပင်က သစ်ရွက်လေးတွေ တစ်ရွက်ချင်း မြေသို့ ဝဲပျံကျနေတာ၊ ခပ်လှမ်းလှမ်း ပိတောက်ပင်ပေါ်က ဥသြငှက် တေးဆိုနေတာတွေကြည့်ပြီး ဘာလိုလို အလွမ်းကြီးက ရင်ကို ဗျောင်းဆန်စေပါတယ်…။ ရည်းစားရှိသူမပြောနဲ့ မရှိသူတွေတောင် နွေရောက်ပြီဆို ဘာလိုလိုနဲ့ ဘယ်ကိုလွမ်းရမှန်းမသိအောင် ခံစားရတယ်လေ..။

“ဟေ့ကောင်… ချစ်စမ်းကို.. ငါခေါ်နေတာကြာပြီ… ဘာတွေငေါင်ပြီး.. ခေါ်မကြား အော်မကြား ဖြစ်နေလဲကွာ…”

မင်းသူမှ ပြောပြောဆိုဆို ခုံတစ်လုံးဆွဲပြီး ဘေးမှာဝင်ထိုင်သည်။ မင်းသူက အိမ်မှာ ဆေးဆိုင်ဖွင့်ထားသည်။ လိုသောဆေးများဝယ်ရန် ဗိုလ်ချုပ်ဈေး သွားမည်၊ အဖော်လိုက်ခဲ့ပါဆိုသဖြင့် ဈေးသို့ ရောက်လာခြင်း ဖြစ်သည်။

ဈေးရောက်တော့ မင်းသူက လိုသောဆေးများဝယ်ရန် ဈေးထဲဝင်သွားခိုက် မိမိတစ်ယောက်တည်း ဈေးထဲရှိ “ဒေါ်ရိတ်ကြီး လဘက်ရည်ဆိုင်” မှာထိုင်ပြီး လဘက်ရည်သောက်ရင်း မင်းသူကို စောင့်နေစဉ် နွေပန်းချီကားအား ကြည့်ရင်း စဉ်းစားခန်းဝင်နေမိခြင်း ဖြစ်သည်။

“အော်.. မင်းသူ.. Sorry ကွာ.. သင်္ကြန်အကြောင်း စဉ်းစားနေတာပါ..။ မင်းရော… အားလုံးဝယ်ပြီးသွားပြီလား ”

” ဒီမှာတော့ပြီးပြီ..၊ မရတာတွေတော့ မင်္ဂလာဈေးမှာ ဆက်ရှာကြတာပေါ့ ”

” ဒါဆိုလည်း မင်္ဂလာဈေး သွားမယ်လေ…”။

သူ့အားပြောပြီး စားပွဲထိုးအားခေါ်ကာ ပိုက်ဆံရှင်းလိုက်သည်။ ပြီးတော့ နှစ်ယောက်သား ထိုင်ရာမှထကာ လေဟာပြင် ဘတ်(စ်)ကားမှတ်တိုင်ဘက် လမ်းလျှောက်လာခဲ့ကြသည်။ လေဟာပြင်မှတ်တိုင်ရာက်တော့ ဘတ်(စ်)ကားစောင့်နေသည့် လူအနည်းငယ် တွေ့ရသည်။ မင်္ဂလာဈေး သွားမှာဆိုတော့ (၄၆) ကား စောင့်ရသည်။

(၅) မိနစ်ခန့်ကြာတော့ (၄၆) ဟိုင်းလတ်ကား ရောက်လာသည်။ ကားပေါ်မှအဆင်း လူကိုစောင့်ပြီး နေရာရရန် ကားပေါ် အမြန်တက်ရသည်။ ကားပေါ်ရောက်တော့ ညာဘက်ခြမ်းဘေးခုံ နောက်ဆုံးမှာ နေရာရသည်။ ဟိုင်းလတ်ကားတွေက ဘယ်ဘက် (၆) ယောက်၊ ညာဘက် ( ၆) ယောက်၊ အလယ် (၄) ယောက်ခန့်သာ ချောင်ချောင်ချိချိ စီးလို့ရသည်။ ဒီလမ်းကြောတွေမှာက ကားအလာကြဲတော့ ကားတစ်စီးလာပြီဆိုတာနဲ့ လူအုပ်က အတင်းတိုးဝှေ့တက်ရသည်။ ဒါမှလည်း နေရာရမှာကိုး။

ဒီလိုနဲ့ ကားထွက်လာပြီး ဆောက်လုပ်ရေး မှတ်တိုင်ရောက်တော့ ကားပေါ်က (၂) ယောက်ဆင်းပြီး၊ အောက်က အသက်ကြီးကြီး အမျိုးသား (၁) ဦး နှင့် အသက် (20) ဝန်းကျင် ကောင်မလေးတစ်ယောက်တို့ တက်လာသည်။ သူတို့လည်း ရရာအလယ်ခုံမှာ ဝင်ထိုင်ဖြစ်တော့ ကောင်မလေးက ကျွန်တော့်ရှေ့ တည့်တည့်မှာ ထိုင်ဖြစ်သွားသည်။

ကောင်မလေးက တကယ်လှသည်။ ၀၀လုံးလုံးလေးနဲ့ ရှမ်း၊ ကရင် တစ်ခုခုစပ်ပုံရသည်။ အသားက အရမ်းဖြူတော့ ပါးနှစ်ဖက်မှာ သွေးကြောစိမ်းလေးတွေတောင် တွေ့ရသည်။ ရှန်သားပန်းရောင် လက်စကတ်အင်္ကျီလေးကို အောက်ကအနက်ရောင် ထမီစကတ်နှင့် တွဲဝတ်ထားသဖြင့် ဖြူနေတဲ့အသားနဲ့ အရမ်းလိုက်ဖက်ပြီး ကြည့်လို့တကယ်ကောင်းသည်။

ကျွန်တော်လည်း သူ့ရဲ့အလှမှာ ငေးမိနေတုန်း သူက လှည့်အကြည့်၊ မျက်လုံးချင်း ဆုံသွားသည်။ ကျွန်တော် သူ့ကို ကြည့်နေတယ်ဆိုတဲ့ အသိနဲ့ ရှက်သွားတဲ့ သူ့မျက်နှာလေး တစ်ဘက်ပြန်လှည့်သွားသည်။ ကျွန်တော်လည်း သူ့ဆီကအကြည့်ကို မလွဲဖြစ်ပဲ တစ်လမ်းလုံး ငေးလာမိသည်။ သူလည်း တစ်ချက်တစ်ချက် ကျွန်တော့်ကို ပြန်ကြည့်သည်။ ဒီလိုနဲ့ (၃) လမ်း မှတ်တိုင်ရောက်တော့ သူ့ဘေးခုံကလူ ဆင်းသွားသဖြင့် ဘေးခုံကို သူရွှေ့သွားသည်။

ကံကောင်းချင်တော့ သူ့နေရာက ကျွန်တော့်ရှေ့တည့်တည့်မှာ ဖြစ်နေသည်။ ကျွန်တော် ကြည့်နေမှန်းသိတော့ သူလည်း မကြာမကြာ ပြန်ကြည့်သည်။ ချစ်သူရယ် အကြည့်ချင်းဆုံရင် ရင်ခုန်တယ်ဆိုတာ တကယ်ပဲနော်…။ တို့ရင်ထဲ ဗျောင်းဆန်နေပါတယ်။ သူလည်း တို့လိုပဲနေမှာပေါ့…။ တို့နဲ့ အကြည့်ဆုံတော့ မျက်လွှာချသွားတာတွေ၊ သက်ပြင်းချတာတွေ၊ မျက်နှာတစ်ဘက် လွဲသွားတာတွေ ဒါတွေဟာ တို့ကို သတိထားမိသွားတယ်ဆိုတာ တို့က ဝန်ခံနေသလိုပဲလေ။

ကျွန်တော်တစ်ယောက်တည်း မျက်လုံးစစ်ဆင်ရေး လုပ်နေတာကို ဘေးက မင်းသူကတော့ မရိပ်မိပါ။ သူလည်း သူ့အတွေးနဲ့သူမို့ စကားလည်း မပြောဖြစ်ကြ။ စကားမပြောဖြစ်တာကိုက ကျွန်တော့်အတွက် အခွင့်အရေး ပိုရခဲ့သည်။

ဒီလိုနဲ့ မင်္ဂလာဈေး မှတ်တိုင်ရောက်တော့ ကားပေါ်မှ နှစ်ယောက် ဆင်းလိုက်ကြသည်။ သူလည်း ကျွန်တော်တို့နောက်က လိုက်ဆင်းလာတာ တွေ့သည်။ ကားပေါ်မှဆင်းပြီး သူက လမ်းတစ်ဘက်ကို ကူးသွားသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း မင်္ဂလာဈေးဘက်ကူးလာရင်း လမ်းတစ်ဘက် ရောက်နေတဲ့ သူ့ကို လှမ်းကြည့်လိုက်တော့ သူက ကျွန်တော့်ကို ပြန်အကြည့်နဲ့ ဆုံသည်။

အဲ့လို အကြည့်ဆုံတဲ့ခဏ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်လေးတစ်ခု လှစ်ကနဲ တွေ့ဘိုက်ရသည်။ စိတ်ထဲ ဆုံးဖြတ်ချက် တစ်ခုချရင်း….

“မင်းသူ… မင်းသွားနှင့်တော့… ငါရှာစရာလေး တစ်ခုရှိလို့ ပြီးမှလိုက်ခဲ့မယ်…။ ဈေးအပေါ်ဆုံးထပ် လဘက်ရည်ဆိုင်ကပဲ စောင့်လေ..”

“ဘယ်လိုဖြစ်တာလည်းကွာ… ဗြုန်းစားကြီး”

မင်းသူကို ဘာမှပြန်မပြောတော့ပဲ ကားလမ်းတစ်ဘက်သို့ အလျင်အမြန် ကူးသွားလိုက်သည်။ သူလေးကတော့ ဖြည်းဖြည်းချင်းလှမ်းရင်း မီးပွိုင့်ထိပ်နား ရောက်တော့မည်။ ကိုယ်လည်း သူ့ကိုမှီအောင် ခြေလှမ်းကို မြန်မြန်လှမ်းလိုက်သည်။

မီးပွိုင့်ထိပ်ရောက်တော့ သူက ပလာဇာဘက် ချိုးကွေ့ပြီး ဆက်လျှောက်သည်။ ကိုယ်လည်း မီးပွိုင့်ထိပ်ကနေ သူချိုးတဲ့ဘက်လိုက်ချိုးရင်း သူ့နားရောက်တော့….

“ယူက အရမ်းမြန်တော့… မနည်းလိုက်ရတယ်…”

ကျွန်တော့်စကားသံကြားတော့ သူလှည့်ကြည့်သည်။ ပြီးတော့ မျက်လုံးလေးဝိုင်းပြီး၊ အံ့သြသွားတဲ့ပုံနဲ့…

“ဟင် !!! … ကို လိုက်လာတယ်”

“ဟုတ်တယ်.. ယူ့ကိုခင်ချင်လို့ လိုက်လာတာ…”

ကျွန်တော့်စကားကြားတော့ သူ့နှုတ်ခမ်းလေး တစ်ချက်တွန့်ရင်း ပြုံးသည်။

” တို့လည်း ခင်တတ်ပါတယ်… ဒါပေမဲ့ ကို့ကိုကြောက်တယ်…”

” ခင်တာပဲဟာ… ဘာကြောက်စရာရှိလို့လဲ..”

” အင်းလေ… ပြောမဲ့သာပြောတာ.. ကိုက ဆိုးမဲ့ပုံတော့.. မပေါက်ပါဘူး”

“ဒါဆို.. ယူနဲ့တို့နဲ့.. သူငယ်ချင်းဖြစ်ပြီပေါ့…”

” ဘာဆိုင်လို့လဲ…”

“ဆိုင်လားမဆိုင်လားတော့ မသိဘူး… တို့ဖုန်းနံပတ် ပေးခဲ့မယ်.. မနက်ဖြန် ဖုန်းဆက်လေ…”

“အခုကော ဆက်လို့မရဘူးလား…”

” အင်း… ရတယ်.. ဒါပေမဲ့ ဒီနေ့မအားဘူး… မနက်ဆိုရင်တော့ အေးအေးဆေးဆေး စကားပြောလို့ အချိန်ရတယ်လေ…”

သူ့အားပြောရင်း အင်္ကျီအိတ်ထဲမှ စာရွက်အပိုင်းလေး တစ်ခုထုတ်ကာ ကျွန်တော့် Hand Phone နံပတ်ရေးပြီး သူ့အားပေးလိုက်သည်။

” ဖုန်းဆက်နော်… တို့အလုပ်တွေ ရှိသေးလို့ သွားတော့မယ်…”

သူ့ကို ပြုံးပြနှုတ်ဆက်ပြီး ကားလမ်းကူးကာ မင်္ဂလာဈေးဘက် ပြန်လျှောက်လာခဲ့သည်။ ချစ်သူရယ် ဖြစ်နိုင်ရင် ဒီနေ့တောင် မင်းနဲ့တွေ့ချင်ပါရဲ့။

မင်းသူ ဆေးဝယ်ဖို့ရှိတော့ ဒီကောင့်ကိုထားခဲ့ပြီး ကိုယ်လစ်သွားရင် မကောင်းဘူးလေ။ နောက်နေ့မှ ချစ်သူမျက်နှာလေးငေးရင်း စကားတွေ ပြောကြမယ်နော်…။ သူ့ကို စာရွက်ပိုင်းလေးဖြင့် ဖုန်းနံပတ် ပေးလိုက်စဉ်က မိမိနာမည်ပါ ထည့်ရေးပေးလိုက်သည်။ မိမိကို သူတစ်ကယ် ကြွေတယ်ဆိုရင်ဖြင့် ဖုန်းဆက်လာလိမ့်မည်။ မိမိကတော့ သူ့ဆီမှ ဖုန်းနံပတ် မတောင်းထားလိုက်မိ။ ကိုယ့်ဖုန်းနံပတ်သိရင်ပဲ သူဆက်သွယ်လို့ ရပြီလေ။

Scroll to Top