ခေတ်သမီးပျို

“ငါ့တူလေး မင်းမင်း မင်းဘာစာအုပ်တွေ ဖတ်နေတာလဲကွ”

“ဦးဦး ကျနော် ဝတ္ထုစာအုပ် ဖတ်နေတာ”

“မင်းကွာ အရည်မရ အဖတ်မရ ဝတ္ထုတွေ ဖတ်နေရတယ်လို့”

“ဦးဦးကလည်း ကျနော် ပျင်းလို့ပါ”

“အေး ပျင်းနေရင် ဒီလို အနှစ်သာရရှိတဲ့ တရားစာအုပ်တွေ ဖတ်ပေါ့”

“ဟုတ်ကဲ့ပါ ဦးဦး”

ကျနော်လည်း ဦးလေးပေးတဲ့ စာအုပ်ကို ခဏယူကြည့်တော့ အနစ္စအမြဲမရှိသော၊ စာအုပ်ဖြစ်နေတယ်။ “ဟင်းးး” သက်ပြင်းချလိုက်ရတယ်။ ကဲဗျာ စဉ်းစားကြည့်လိုက် သူက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကထိက၊ ကျနော်က သူ့တူ၊ ကျနော်ဆယ်တန်း အောင်ပြီးကတည်းက ရောက်နေတာ။ သူက အသက်လေးဆယ်ကျော်ပဲ ရှိသေးတယ်။ ဘာတဲ့ ပင်စင်ရရင် ဘုန်ကြီးဝတ်ပြီး တရားအားထုတ်မယ်တဲ့။ ကျနော်ကိုလည်း သူ့လိုလူပျိုကြီးဖြစ်စေချင်တာ။

ကျနော်ဗျာ အခုဖိုင်နယ်ရောက်ပြီ၊ သူ့ကိုကြောက်လို့ ရည်းစား မထားရဲဘူး။ အခုခေတ် စကီလေးတွေက မိုက်မှမိုက်၊ အလန်းစားတွေ၊ ကိုယ့်အကြိုက်မတွေ့သေးလို့သာ.. မစွန့်စားရဲတာ။ တနေ့တနေ့ တရားနာရတာနှင့် တရားထိုင်ရတာနှင့် မလွယ်ဘူဗျ၊၊ သူ့အိမ်နေတော့ သူ့စည်းကမ်းပေါ့ဗျာ။

ကျနော်လည်း ညစ်ညစ်နှင့် ကျောင်းဘက်ထွက်လာခဲ့တယ်။ ကားပေါ်ကဆင်းတော့ နောက်ဆုံးကပဲဆင်းတာ “အွန့်” ဆင်းလိုက်တာ ကားပေါ်တက်လာတဲ့ စကီလေးကို သွားတိုက်မိတယ်၊ သူ့လက်ထဲက စာအုပ်တွေပြုတ်ကျသွားတယ်ဗျ။

“ဆောရီး… ဆောရီး”

ကျနော်လည်း ပြာပြာသလဲ ကောက်လိုက်တယ်။ ပြီးတော့ သူ့ကိုလှမ်းပေးပြီး

“ကျနော် တောင်းပန်ပါတယ်ဗျ”

“မြန်မြန်လုပ်ကြပါဗျ၊ ဒီမှာ ကားပေါ်တက်မယ့်သူတွေ ရှိတယ်”

စပါယ်ယာ လှမ်းအော်တော့ ကျနော်ဘေးကပ်လိုက်ရတယ်။ ကောက်မလေးကို သေချာကြည့်လိုက်မှ ဟအရမ်းမိုက်တယ်။ အရပ်ရှည်ရှည် အသားဖြူဖွေးလို့၊ ဇင်ယော်တောင် မျက်ခုံးတန်းလေး၊ သွားလေးတွေက ညီညီညာညာ၊ နှင်းဆီဖူးလေးလို နှုတ်ခမ်းနှင့်၊ ကျနော့်ရင်ထဲ ရေခဲမြစ်စီးဆင်းသွားတယ်။ ကျနော့်ကို စပါယ်ယာ ခဏ လှမ်းကြည့်ပြီး

“ဇာတ်လမ်းတွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်ကား ရောင်းမလို့ပါ”

“အာ ဒီခွေးသားတော့”

ကောင်မလေးလည်း ရှက်ရှက်နှင့် ကားပေါ်တက်သွားတယ်။ မျက်နှာလေး ရဲတွတ်သွားတာတောင် မြင်လိုက်ရတယ်။

“မိုက်တယ်ကွာ၊ မနက်ဖြန် ကျောင်းစောစောလာပြီး စောင့်ရမယ်” ကျနော်ညတောင် အိပ်မပျော်ဘူး၊ တစ်ညလုံး ကောင်မလေး မျက်နှာကိုပဲ မြင်ယောင်မိတယ်။ အခုမှ ဖူးစာရှင် တွေ့ပြီလား မသိဘူး၊ မနက်အစောကြီး အိပ်ရာထတယ်၊ ဦးလေးနှင့်အတူ ကျောင်းသွားလို့ မဖြစ်ဘူး ကိုယ်ဘာသာ သွားမယ်ဆိုပြီး အိမ်ရှေ့အထွက်

“မင်းမင်း ဘယ်သွားမလို့လဲ”

“ကျောင်းဘက် ဦးဦး”

“အေး ဘုရားရှိခိုးပြီးမှ သွားလေ”

“ဟုတ်.. ဟုတ်ကဲ့”

ဘုရားခန်းထဲဝင်ပြီး ပုဆိန်ပေါက် ရှိခိုးလိုက်တယ်။ ပြီးတော့ ဦးလေးအလစ်ကို ထွက်လိုက်ရတယ်ဗျာ။ ကျောင်းဘက်စ်ကားစီးတာ စိတ်ကိုမရှည်ဘူး၊ ခါတိုင်းလည်း ဒီလိုပါပဲ။ “ဟာကွာ.. နောက်ကျတော့မယ်နှင့်တူတယ် သောက်ကားက နှေးလိုက်တာ” ကျောင်းရှေ့ရောက်တော့ ကားမှတ်တိုင်မှာ လူရှင်းတယ် ။ ကျနော် မှတ်တိုင်ရှေ့က စောင့်နေတုန်း ဦးလေး ကားလာတော့ ကော်ဖီဆိုင်ထဲ ပြေးဝင်ပုန်းရတယ်။

“ဟင်းးး မလာသေးဘူးလားကွာ” အရေးထဲ ကော်ဖီဆိုင်က သီချင်းသံ ထွက်လာသေးတယ်။ ပြုံးတောင် ပြုံးမိသေးတယ်။ ကိုယ့်အဖြစ်နှင့်တူလို့၊ သူ့သီချင်းက ဘိုဘိုဟန်သီချင်း “စောင့်ရတာမောပေါ့၊ ခေါင်းမူးသွားပြီ ဒူးယားလေးရယ်၊ နင်ဘယ်မှာလဲ ကားပေါ်ပါသွားလား တကယ်ပါ တစ်နာရီလောက် ရပ်စောင့်ကြည့်တာတောင် မလာသေးဘူး” တစ်နာရီလောက်စောင့်ပြီးတော့မှ ကောင်မလေးကို အိမ်စီးကားပေါ်မှာ တွေ့လိုက်ရတယ်။

သွားပါပြီ ပြေးလိုက်ဖို့ကလည်း မလွယ်တော့ နောက်ကနေပြီး လိုက်ခဲ့တယ်။ စာသင်ဆောင်နံပါတ်သုံးဖက်က ဝင်သွားတော့၊ အဲဒီနောက်ကိုလိုက်ခဲ့တယ်။ အနားလည်းရောက်တော့ ကားရောလူရော မရှိတော့ဘူး။ ဟာသွားပြီ။ ဒီတစ်ဆောင်လုံးရှာရတော့မယ်ဆိုပြီး မြေညီထပ်ကနေ တစ်ထပ်ချင်းရှာခဲ့တယ်ဗျ။ တခန်းမှ ရှာမတွေ့ဘူး။ အဲဒါနှင့်စိတ်ပျက်ပြီး ကင်တင်းကိုသွားမယ်ဆုံးဖြတ်ပြီး ပြနထွက်တော့

“အွန့်”

“ဟင်.. ရှင်.. ရှင်.. တိုက်ပြန်ပြီ”

“အာ ဆောရီး ဆောရီး”

“လုပ်ပြန်ပြီ ဘာဆောရီးလဲ”

“တောင်းပန်ပါတယ်ဗျာ”

“ရှင် နှစ်ကြိမ်ရှိပြီး”

“ရေစက်လို့ ထင်ပါရဲ့”

“ဘာရှင့်”

“ဆောရီး ဆောရီး”

“ဟင်း အူကြောင်ကြောင်နှင့်”

———————-

မိုးနေခြည်မှာ တနေ့က သူ့ကိုကားပေါ် အတက်မှာ တိုက်မိတဲ့သူကို သတိထားမိတယ်။ လူပုံက ရုပ်ဖြောင့်ဖြောင့် အရပ်မြင့်မြင့်နှင့်ဆိုတော့။ ဒါပေမယ့် ကားစပါယ်ယာ အော်လိုက်တော့ နည်းနည်းရှက်သွားတယ်။ အိမ်ရောက်ပြန်တော့လဲ သူ့မျက်နှာပဲ မြင်ယောင်မိပြီး အိမ်အလုပ်ကူလုပ်တာက ဟိုဟာလွတ်ကျ ဒီဟာလွတ်ကျနှင့်မို့ အပျိုအဒေါ်ကြီးက ဗိုက်ခေါက်လိမ်ပြီး အဆူခံရတယ်။ စည်းကမ်းကြီတဲ့ အဒေါ်မို့ ကြောက်ရတယ်။

“မိုးနေခြည် လုပ်လိုက်ရင် ရှပ်ပြာ ရှပ်ပြာနှင့် နင့်စိတ်တွေ ဘယ်ကို ရောက်နေတာလဲ၊ ဂနာမငြိမ်ဘူး”

“အမလေး ကြောက်ပါပြီ တီတီရဲ့”

“အေး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ နေရတယ် သိလား”

“သူအဲလို ဗိုင်းကောင်းကျောက်ဖိ လုပ်နေလို့ လင်မရတာ ခိခိ” လို့တွေးရင်း အလိမ်ခံရတဲ့ ဗိုက်ကို ပွတ်ပေးနေရတယ်။ အဒေါ်အပျိုကြီးက ကျောင်းသွားရင် အမြဲလိုက်ပို့ ညနေကျတော့ ကိုယ့်ဘာသာ လိုင်းကားစီးပြန်ရတာ၊ တူမကို တချက်ကလေးမှ စိတ်မချဘူး။ ပြောသေးတယ်။

“နင့် မိဘတွေ ငါ့ကို စိတ်ချလို့ အပ်ထားတာ၊ နင်ရှုပ်ရှုပ်ရှက်ရှက် မလုပ်နဲ့”

မိုးကလည်း အဒေါ်အပျိုကြီးကို ကြောက်လို့ ကိုယ့်ကြိုက်တဲ့ သူကိုတောင် အီစီကလီ မလုပ်ရဲဘူး။

အခုကြည့်လေ မနေ့ကလူ ကားဂိတ်မှာတွေ့ပြီး အခုမိုးတို့နောက် လိုက်လာတယ်။ မိုးက အိမ်သာဖက်ကထွက်တော့ သူနှင့်တိုက်မိပြန်ပြီ။ ဒေါသထွက်မိတယ်။ ပြောပုံက ရေစက်လား မသိဘူးတဲ့ ခစ်ခစ် ခစ်ရယ်ချင်စရာ။

“ဟေ့.. မိုးဟိုမှာ ဆရာစာသင်နေတယ်၊ အဆူခံနေရအုံးမယ်”

“အေးအေး”

အဲဒီဆရာက ဘယ်လိုမှန်းမသိဘူး၊ ဘုဂွကလန့် မိန်းကလေးတွေဆို တချက်မှ မျက်နှာသာ မပေးဘူး၊ အိန္ဒြေကြီးနှင့်။

“ကဲမိုး စာသင်လို့ပြီးပြီ ငါတို့ပြန်ရအောင်၊”

“အေး အေး”

“ဟေ့ ဒါနဲ့ မနေ့က နင်လူတစ်ယောက်နှင့် တိုက်မိသေးတယ်ဆို၊”

“အေး ဒီနေ့လည်း ထပ်တိုက်ပြန်ပြီ”

“ဟီဟိ.. ဖူးစာရှင်လား မသိဘူး”

“ဟွန့်ကောင်မ စိတ်ကူးယဉ်နေတယ်”

“အေးဟ.. မနက်က သူကပြောသွားတယ် ရေစက်လား မသိဘူးတဲ့”

“ဟဲဟဲ.. ဖြစ်နိုင်တယ်မိုး”

ကျောင်းရှေ့ လမ်းလျှောက်လာရင်း ဟိုလူကိုကားဂိတ်မှာ တွေ့ရပြန်တယ်။

“ဟေ့ ရှေ့မှာ အိန္ဒြေမပျက်စေနှင့် ကြည့်လိုက်ဦး”

“ဟိုဘက်က အရပ်ရှည်ရှည်နှင့် လူလား”

“အေး ဟုတ်တယ်”

“အဲဒါ ကိုမင်းမင်းလေ”

“နင်က ဘယ်လိုသိသလဲ၊”

“အဲဒါ ဆရာ့တူလေ”

“ဘုဂွကလန့် ဆရာလား”

“အေး ဟုတ်တယ်”

“အမလေး ဒုက္ခပါပဲ”

“အမလေး အခုထဲက တွေးပူနေတယ်”

“ခစ်.. ခစ်..”

“ဘာလဲ နင်ကြွေသွားပြီလား၊”

“အာ နင်ကလည်း”

“အံမာ ရှက်နေရသေး ခေတ်သမီးပျို မဟုတ်တဲ့အတိုင်း”

Scroll to Top