တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်တာနဲ့ ကြုံနေတာမို့ ကျနော်တက်ခဲ့သည့် မေဂျာ ဆရာကန်တော့ပွဲကို တက်မိသည်။ မတွေ့ရသည်မှာ ဆယ်စုနှစ် ၃ စုကျော်လောက်ရှိမည့် သူငယ်ချင်းတွေနှင့် ပြန်ဆုံသည်မို့ ဟေးဟေးဟားဟား နှင့် မှတ်မိသမျှ သူငယ်ချင်းတွေကို နှုတ်ဆက်စကားပြောနေတုန်း ကျောင်းတုန်းက အသေအလဲ ကြွေခဲ့သည့် ရီ ကို ရုတ်တရက် တွေ့လိုက်သည်။
အင်းလေ၊ ကိုယ်ကလည်း သူနဲ့များ ပြန်ဆုံမလားဆိုသည့် ရည်ရွယ်ချက်ကလည်း ရှိသည်မို့ ကျောင်းဝင်းထဲရောက်ကတည်းက သူ့ကို ရှာမိသည်။ တွေ့သည်နှင့် ချက်ခြင်းမှတ်မိလိုက်သည်။ သူက ငယ်ရုပ်မပြောင်း၊ နည်းနည်းလေး ဝလာသည်မှ လွဲ၍ အရင်အတိုင်းပင်။ သူကလည ကိုယ့်ကို မြင်မြင်ချင်းမှတ်မိတယ်ထင့်။ ကျနော့်ကို မြင်သည်နှင့် အံ့သြသလို မျက်ဝန်းအစုံ ဝိုင်းစက်သွားပုံလေးက အရင်လို ချစ်စရာပင်ကောင်းသေး။
ဘေးနားပါလာသည့် ငယ်သူငယ်ချင်းက ဟေ့ရောင် အဲဒါ မင်းရဲ့ ရီ လေ၊ မှတ်မိလား ဆိုသည်ကို ပြန်မဖြေမိ။ ကျောင်းတုန်းက ရီ့နားကပ်ဖို့ ကြောက်ဒူးတုန်တတ်သည့် ကျနော်က ရီ့ကို ပြုံးပြရင်း အနားသို့ လျှေက်သွားကာ ကျနော့်ကို မှတ်မိလားလို့ ရဲရဲဝံ့ဝံ့ပင် မေးမိသွားသည်။ ရီ့အနားမှာ ရှိနေသည့် အကြောင်းသိ ငယ်သူငယ်ချင်းက ကျနော့်ကို ကြည့်ရင်း သူ့ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်သည်ကိုပင် ဂရုမစိုက်မိ။ ရီကလည်း ရဲရဲတင်းတင်းပင် ကျနော့်ကို ပြုံးကြည့်ရင်း ဟွန့် မှတ်မိပါ့တော် တဲ့။ ကျောင်းတုန်းက ကျနော့်ကို မြင်လျှင် ရှက်ကိုးရှက်ကန်းဖြင့် ခြေလှမ်းကျဲကြီးနှင့် ပြေးတတ်သူက ကျနော့်လိုပင် ရဲရဲဝံ့ဝံ့ ပြန်ဖြေသည်။
သြော် အသက်တွေလည်း အတော်ကြီးလို့ အခြေအနေတွေလည်း ပြောင်းကုန်ပြီဘဲ၊ အခုမှတော့ အရင်လို နေလို့ မရတော့။ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်ရင်း နေကောင်းလားဆိုသည့် စကားကို ပြိုင်တူမေးမိလို့ အတူရယ်ဖြစ်သွားသည်။ အနားက အကြောင်းသိ ရီနှင့်တွဲနေကြ သူငယ်ချင်းက လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီနော် ဟု နောက်သည်ကို ရီက နင်လည်း ဟိုတစ်ယောက်ကို သွားရှာလေဟု ပြန်နောက်သည်။ ကျနော်နှင့် ပါလာသည့် သူငယ်ချင်းက တင်မောင်ဝင်းကို ပြောတာလား၊ သူ့ကိုတော့ မတွေ့သေးဘူး၊ ဒါပေမဲ့ သူ့ သူငယ်ချင်းကိုတော့ ဟိုနားမှာ တွေ့လိုက်တယ်၊ လာ ကျနော်တို့ ဟိုဘက်မှာ တခြား သူငယ်ချင်းတွေ သွားနှုတ်ဆက်ရအောင်၊ သူတို့ကို ခဏထားခဲ့ ဆိုပြီး အလိုက်တသိ ရီ့သူငယ်ချင်းကို ခေါ်ထုတ်သွားတော့ ကျနော်နှင့် ရီ နှစ်ယောက်ထဲ ကျန်ခဲ့သည်။
ကျနော့်က ရီ့ကို ကြည့်ရင်း ရီက ငယ်ရုပ်မပျောက်ဘူးနော်၊ ပိုပြီးတောင် လှလာသလိုဘဲ ဟု ကျနော်က ပြုံးရင်း ပြောတော့ ရီက အံမယ် ယူကလည်း ငယ်ရုပ်မပျောက်ပါဘူး၊ အခုမှ ပိုခန့်လာတာ၊ ဆိုပြီး ကျနော့်ကို အာကျမခံ ပြန်မြှောက်သည်။ ကျနော်က သူ့ရဲ့ တို့တို့ ယူတို့ အပြောကြောင့် နောက်ချင်လာတာနဲ့ ဒါပေမဲ့ နာမည်တော့ မေ့နေပြီ မဟုတ်လား ဟု ပြုံးပြီး ပြောလိုက်တော့ ဟွန်း ကိုဇော်နော် တဲ့ ဆိုပြီး ရဲရဲတင်းတင်းပင် လက်မောင်းကို ရိုက်သလို လာပုတ်ရင်း ရယ်သည်။ အော် အသက်တွေတောင် ကြီးလာပြီဘဲ ငယ်ငယ်တုန်းက အုံ့ပုန်းခုတ်ခဲ့သမျှ အခုတော့ ရဲရဲဝံ့ဝံ့။ နောက်တော့ ဝေးခဲ့သမျှ တစ်ယောက်အကြောင်း တစ်ယောက် စကားစဖြစ်သည်။
“ကျောင်းပြီးတာနဲ့ ယူအက်စ် ထွက်သွားတယ်ဆို”
“အင်းလေ ချစ်ရတဲ့ သူက နောက်ဆုံးနှစ်မှာ အိမ်ထောင်ပြုသွားတာကိုး။ ကိုယ်လည်း အသဲကွဲပြီး အဝေးလွင့်တာပေ့ါ”
ကျနော်က ခပ်တည်တည်နှင့် ငယ်ငယ်ကအကြောင်း ရင်ဖွင့်သလို ပြောလိုက်တော့ ရီက သူ့ကို ရည်ရွယ်ပြောမှန်း သိသည်ထင့် သူအိမ်ထောင်ကျရသည့်အကြောင်း အတိုချုပ် ပြောသည်။
“အဲဒီတုန်းက မေမေတို့က အတင်းဘဲ စီစဉ်တာနဲ့ . .”
“အင်း၊ ဒါတွေထားပါ၊ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေ၊ ကိုယ်လည်း အဲဒီတုန်းက ဘာမှ မတတ်နိုင်ဘူးလေ၊ ရီကလည်း ကိုယ့်ကိုမြင်ရင် ထွက်ပြေးနေတာ”
ကျနော်က ပြုံးရင်း ရီ့စကားကို ဖြတ်ကာ အရင်က အဖြစ်ကို သတိရသလို ပြန်ပြောတော့
“အင်းနော် ဘာလို့လဲ မသိဘူး၊ အဲ့ဒီတုန်းက ကို့ဇော့်ကို ကြောက်လိုက်တာ၊ ပြေးဖို့ဘဲ သိတယ် ခစ် ခစ် ခစ် ခစ်၊ အမယ် ကိုဇော်လဲ အတူတူပါဘဲနော်၊ ရီ့ကို ဘာမှ လာမပြောရဲဘဲနဲ့များ အဝေးကဘဲ လာလာချောင်းနေပြီး”
မျက်ဝန်းလေးဒေါင့်ကပ်ကာ မျက်စောင်းထိုးသလို ရီ ပြန်ပြောသည်ကို သဘောကျစွာ ရယ်မိတော့ ရီကလည်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်သည်။
“ဟား ဟား ဟား ဟား”
“ခစ် ခစ် ခစ် ခစ်”
ဘာကြောင့်မှန်း မသိ ရီ့ကို မြင်လျှင် စကားမပြောရဲတဲ့ ကျနော်ကလည်း အခု စကားကို သွက်လို့။ ကျနော့်ကို မြင်လျှင် ထွက်ပြေးတတ်တဲ့ ရီကလည်း အခုမပြေးတော့။ စကားကောင်းနေတုန်း အဝေးက ဘော်ဒါတစ်စုက ဟေ့ရောင် ဇော်ဦး ဟု လှမ်းအော်ရင် လက်လှမ်းပြတာကြောင့် ရီနဲ့ စကားဆက်ပြောဖို့ မလွယ်မှန်း သိလိုက်သည်မို့ ကမန်းကတမ်း
“ရီ မနက်ဖြန်အားလား”
“အင်း အားတယ်လေ”
“ဒါဆို ကိုယ်တို့ မနက်ဖြန်မှ အေးအေးဆေးဆေးတွေ့ပြီး စကာားပြောရအောင်၊ မနက်စာ စားရင်းပေါ့၊ ပြီးတော့ ရီနဲ့လည်း တွေ့ချင်သေးတယ်၊ အခု သူငယ်ချင်းတွေနဲ့ အေးဆေးပြောလို့ ရမှာမဟုတ်ဘူး”
“အင်း ကောင်းသားဘဲ၊ ဒါဆို မနက်ဖြန်ဆုံမယ်လေ၊ ရီ ဆိပ်ကမ်းသာ ဟိုတယ်မှာ တည်းတယ်၊ အခန်း နံပါတ် ၁၈ မှာ၊ လာခေါ်ချေ”
“အင်း၊ ကောင်းတယ်၊ ကောင်းတယ်၊ ကိုယ်လာခဲ့မယ်၊ မနက် နိုးတာနဲ့ လာခဲ့မယ်”
“အစောကြီး မလာနဲ့လေ၊ ၁၁ နာရီလောက်ပေါ့၊ မနက်စာ စားမယ်ဆို”
“ကို ပြောတာ ဘရိတ်ဖတ်စ် လေ”
“အော် ရီက လန့်ချ် မှတ်လို့”
“ဒါဆို ဘရိတ်ဖတ်စ် ရော၊ လန့်ချ်ရော၊ ဒင်းနားရောဆို မကောင်းဘူးလား”
ကျနော့်ရဲ့ စသလိုလို စကားကို “ဟော့တော့” ဟု အသံထွက်ရင်း ကျနော့်ကို အံ့သြသလိုကြည့်တော့ ကျနော်က ပြုံးပြီး
“စောစောဘဲ လာခဲ့မယ်၊ ၇ နာရီလောက်၊ ရီ နိုးပါ့မလား”
ရီက ကျနော့် စကားကို ချက်ခြင်းဘဲ
“အင်း ရီကတော့ နိုးပါတယ်၊ ကိုဇော်သာ မနိုးမှာ၊ ဒီည သူငယ်ချင်းတွေနဲ့ ပျော်ဦးမှာ မို့လား”
ကျနော်က ရီ အပြောကြောင့်
“အင်း ဟုတ်သားဘဲ၊ ဒီည ပွဲဆက်မယ် ပြောနေကြတယ်၊ ဒါဆို ၈ နာရီလောက် လာမယ်လေ၊ ဖုံးဆက်လိုက်မယ်လေ၊ ရီ့နံပါတ်ပေး”
“အင်း ၉၉၅၂ . . . .”
ကျနော်က လက်ကိုင်ဖုန်းကို ထုတ်ကာ ရီပြောသည့် နံပါတ်ကို တစ်ခါထဲ နှိပ်လိုက်သည်။ ချက်ခြင်းဆိုသလိုဘဲ ရီ လက်ကိုင်အိပ်ထဲမှ ဖုန်းမြည်သံ ကြားလိုက်ရေတာ့ ဖုန်းကို ပြန်ပိတ်ရင်း
“အဲဒါ ကိုယ့်နံပါတ်ဘဲ၊ အခုမှ ဒီကကဒ်ထည့်ထားတာဆိုတော့ နံပါတ်ကို အလွတ်မရဘူး”
ဟု ရီ့ကို ပြန်ပြောရင်း ဟေ့ ကျော်ထွန်း ဟု လှမ်းခေါ်ရင်း လက်ပြန်ပြလိုက်သည်။ အတော်ဘဲ စောစောက ရီ့သူငယ်ချင်းကလည်း သူ့သူငယ်ချင်း များနှင့် ရီ့ဆီ ပြန်လာသည်မို့
“အင်း ၈ နာရီကောင်းတယ်၊ ရီလည်း သွားတော့မယ်နော် ဟိုမှာ အသန်းတို့လည်း ပြန်လာပြီ”
ဟု ကျနော့်ကို နှုတ်ဆက်ရင်း သူ့သူငယ်ချင်းဆီ အပြေးကလေး ထွက်သွားတော့သည်။
…………………………………………..
ရီ့ကို ပြန်တွေ့လိုက်ရတော့ ငယ်ငယ်က ဝေဒနာ ပြန်ပေါ်လာသည်လား မသိ၊ အိပ်နေသည့် နှလုံးသားက ပြန်နိုးလာသလို ခံစားလိုက်ရသည်။ သူရော ကိုယ်ရော လွတ်လွတ်လပ်လပ် မဟုတ်သူတွေမှန်း သိသိကြီးနှင့် ဘာကြောင့်မှန်းမသိ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက်အရွယ် လူပျိုလေး တစ်ဦးလို စိတ်မျိုးပြန်ဝင်လာသလိုလို၊ လက်ရှိ ဘဝကိုပင် မေ့သွားသလိုလို ခံစားလိုက်ရသည်။
မတူတာက အခု ရီနှင့် ပြန်တွေ့သည့် ခံစားမှုက အရင်လို ကြောက်ကြောက်ရွံ့ရွံ့ မဟုတ်ဘဲ အလိုလို ရင်းနှီးသည့် ငယ်ပေါင်းသူငယ်ချင်းလို စိတ်မျိုး ဖြစ်နေသည်ကသာ ထူးဆန်းနေသည်။ ရီလည်း သူ့လိုပင် ရဲရဲတင်းတင်းနှင့် သူ မနက်ဖြန်တွေ့မည် ပြောတော့ ချက်ခြင်းပင် သဘောတူကာ သူ့ကို လာခေါ်ဖို့ ပြောသွားသေးသည်။ အကဲခတ်ရသလောက်တော့ ရီ သူ့အပေါ် ဆက်ဆံပုံနှင့် အကြည့်က သူ့လိုပင် သူ့ကို ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တစ်ဦးလို ရင်းရင်းနှီးနှီး ဆက်ဆံနေသလို ဖြစ်နေမှန်း သိသာနေသည်။
သူငယ်ချင်းတွေနဲ့ မတွေ့တာ ကြာပြီမို့ ဆရာကန်တော့ပွဲ ပြီးတောင် သူငယ်ချင်း ဆုံတွေ့ပွဲက မပြီး။ ဆရာ၊ ဆရာမတွေကို ကန်တော့ပြီးတော့ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံး စုစုရုံးရုံး ကမ်းနားလမ်းက အကင်ဆိုင် တစ်ခုဆီသို့ ချီတက်သွားကာ ဆုံတွေ့ပွဲကို ဆက်ကျင်းပဖြစ်သွားသည်။ သူငယ်ချင်းများနှင့် ငယ်ငယ်ကအကြောင်း စားမြုံပြန် အလိုက်အထိုက် ပြောနေသော်လည်း စိတ်က တချိန်လုံး ရီ့ ဆီသာ ရောက်နေသည်။ ရီ နှင့် ကျနော် စကားလက်ဆုံ ကျနေသည်ကို မြင်လိုက်သည့် အကြောင်းသိ သူငယ်ချင်းအချို့က နောက်သည်ကို ရီက အခုထိ ငယ်ရုပ်မပျောက်ဘူးကွ၊ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ဟု ပြန်ပြောမိပေမဲ့ နက်ဖြန် ရီနှင့် ချိန်းထားသည့် အကြောင်းကိုတော့ ဘယ်သူ့မှ ဖွင့်မပြောဖြစ်လိုက်။
အဲဒီညက မတွေ့တာကြာသည့် သူငယ်ချင်းတွေနှင့် စားရင်းသောက်ရင်း တော်တော်မူးသွားသည်။ အိမ်ပြန်ရောက်တော့ တံခါးလာဖွင့်ပေးသည့် ညီမကို သူ့ကို မနက် ၇ နာရီ နိုးဖို့နှင့် မနက်ဖြန် နင့်ကား ငါသုံးမယ် ဟုလည်း တစ်ဆက်တည်း ပြောလိုက်သည်။ ငယ်ငယ်ထဲက ကျနော် သူငယ်ချင်းခင်တတ်သည့် အကြောင်းသိနေသည့် ညီမက ကိုကြီးဇော် သွားစရာရှိ သူတို့ကား ယူသုံးဖို့နှင့် သူ့ယောကျ်ားက ဆိုင်ကယ်ဘဲ သုံးတာ များတာမို့ ကားကို အချိန်မရွေး ယူသုံးနိုင်ကြောင်း ပြောထားသည်မို့ အားနာမနေတော့ဘဲ မနက်ဖြန် ကားသုံးမယ်ဟု ကြိုပြောကာ အသိပေးလိုက်သည်။
မနက်ကြတော့ ညီမ ကားကို ဆွဲပြီး ရီ တည်းသည့် ဟိုတယ်ကို ထွက်ခဲ့သည်။ ကားပေါ်ရောက်သည်နှင့် ရီ့ဆီ ဖုန်းခေါ်ကာ ထွက်လာပြီဟု အသိပေးလိုက်တော့ ရီက ချက်ခြင်းပင် ဖုန်းကိုင်ပြီး အင်း အဝကဘဲ စောင့်နေမယ် ဟု ပြန်ပြောသည်။ မွေးကတည်းက နေခဲ့သည့် မြို့ မို့ လမ်းတွေက ကောင်းသွားသည်က လွဲပြီး မပြောင်း။ လမ်းသစ်များသာ တိုးလာသည်။ ဟိုတယ်ရောက်တော့ ရီကို အပေါက်ဝမှာ စောင့်နေသည်ကို တွေ့လိုက်ရသည်။ မနေ့ကလိုပင် ရီ့ ပုံစံ ရိုးရိုးယဉ်ယဉ်၊ ရီ့ဘေး ကားထိုရပ်ကာ ဘိုဆန်ဆန် မောနင်းဟု နှုတ်ဆက်တော့ ရီကလည်း မောနင်း ဟု ပြန်နှုတ်ဆက်သည်။ ကားပေါ်က ဆင်းပြီး တစ်ဖက်က တံခါးကို ရီ့အတွက် ဖွင့်ပေးရင်း
“လာလေ၊ ညီမကား ဆွဲလာတာ၊ သွားရလာရ အဆင်ပြေအောင်”
ရီက ကားပေါ်တက်ထိုင်ရင်း
“ဘယ်သွားမလို့လဲ”
ဟု မေးသည်။ ကျနော်က ချက်ခြင်း ပြန်မဖြေသေးဘဲ ရီ့ကို စချင်နေသည်မို့ မျက်နှာ မချိုမချဉ်နှင့် ပြုံးကာ ကားပေါ်ပြန်တက်ပြီး စက်နှိုးလိုက်သည်။ ကားစထွက်တော့ ရီက မေးပြန်သည်
“ဘယ်သွားမလို့လဲ ဆို”
ဟိုတယ်အဝက ထွက်လို့ ကားလမ်းမပေါ်အရောက်မှာ ကျနော်က ရီ့ကို ပြုံးကြည့်ရင်း
“ရီ့ကို ကားတင်ပြေးလာတာ”
ဟုပြောလိုက်တော့
“ဟော့တော့်”
ရီ့အသံကြောင့် ကျနော် အသံထွက်အောင် ရယ်မိသည်။ ကျနော့်ရယ်သံက ဗိုလ်အောင်ဒင် အသံမျိုးဖြစ်သွားလို့လားမသိ
“ကိုဇော်နော် ဒါဆို ပြန်ကွေ့ ပြန်ကွေ့ ၊ မပြောမဆိုနဲ့ ရီ့ကို ဒီလိုမလုပ်နဲ့”
ဟု လှမ်းပြောတာမို့ ကျနော်စတာကို ရီက တကယ်များ ထင်နေလား မသိဟုထင်ကာ လှမ်ကြည့်လိုက်တော့
“ရီ အဝတ်အစားတွေ ပြန်ယူရဦးမယ်လေ”
တဲ့ ဟုပြောကာ သူ့ပါးစပ်ကို လက်နှင့်အုပ်ကာ အူလှိုက်သဲလှိုက် တခစ်ခစ် ရယ်တော့သည်။ ဒီတော့မှ ရီ ပြန်နောက်တာဟု သဘောပေါက်ကာ ကျနော်လည်း တဟားဟား အော်ရယ်မိသည်။ အော် ကျောင်းသားဘဝက တစ်ယောက်နှင့် တစ်ယောက် စကားမပြောမိခဲ့သမျှ အခုကြတော့ . . . .
ကားကို လမ်းမကြီးအတိုင်း မောင်လာရင်း
“ဗိုက်ဆာနေပြီလား၊ ဘာစားမလဲ”
“မသိဘူးလေ ကိုဇော့် သဘော၊ ရီလည်း ပြန်မရောက်တာကြာတော့ ဘယ်ဆိုင်ကောင်းလဲ မသိတော့ဘူး”
“ကိုက ပိုဆိုးပေါ့၊ အခု အကုန် အသစ်အဆန်းချည်း ဖြစ်နေတာ၊ ဒါဆို ဒီလိုလုပ်လေ၊ ကမ်းနားလမ်းဘက် သွားမယ်၊ အဲဒီမှာ ဆိုင်တွေပေါတယ်၊ အဲဒီက မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့ မနက်စာ တစ်ခုခု ရတဲ့ ဆိုင်တစ်ဆိုင်ဆိုင် ဝင်စားပြီး စကားပြောတာပေါ့၊ မကောင်းဘူးလား”
“အင်း”
ကားကို ကမ်းနားလမ်း အတိုင်း ခပ်ဖြေးဖြေး မောင်းလာကာ ဆိုင်တွေကို လှမ်းကြည့်ရင်း
“ဟော မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ဆိုပါလား၊ ကော်ဖီ လဘက်ရည်လည်း ရတယ်၊ ဒီမှာ စားမလား”
“အင်း ကောင်းသားဘဲ”
ရီ့ဆီက သဘောတူချက်ရတော့ ကားကို ဆိုင်ရှေ့ရပ်ကာ ဆိုင်ထဲ ဝင်ထိုင်လိုက်ကြသည်။ စားပွဲထိုး ကောင်လေးရောက်လာတော့
“ရီ ဘာစားမလဲ”
“မုန့်ဟင်းခါးဘဲ စားမယ်၊ ရီက မုန့်ဟင်းခါးဆို အသေကြိုက်၊ ကော်ဖီလည်း သောက်မယ်”
“အုန်းနို့ခေါက်ဆွဲရော စားမလား”
“ဟင်အင်း မုန့်ဟင်းခါးဆိုရပြီ၊ ပဲကြော်နဲ့၊ ဘဲဥနဲ့”
“အင်း၊ ညီလေး သူပြောသလို ၂ ပွဲ၊ ကော်ဖီ ၂ ခွက်၊ ကော်ဖီက အထုတ်နဲ့ဟာ မလုပ်နဲ့၊ နက်စ် ရှိလား၊ အဲဒါလုပ်”
စားပွဲထိုးလေး ထွက်သွားတော့ ရီက
“အခု အလည်ပြန်လာတာလား၊ ဘယ်တော့ပြန်မလဲ”
“အင်း၊ ပြန်မရောက်တာ ကြာပြီဆိုတော့ အမေ့ကို လာတွေ့တာ၊ ဟိုရောက်ပြီးကတည်းက ပြန်လည်ဖြစ်တာ အခုမှ ၃ ခေါက်ဘဲ ရှိသေးတယ်၊ အခုတစ်ခါမှဘဲ ရီနဲ့ဆုံတော့တယ်၊ ဒါ ဆရာကန်တော့ပွဲ ကျေးဇူးလေ”
“အခု တစ်ယောက်ထဲ ပြန်လာတာလား”
“အင်း၊ တစ်ယောက်ထဲလာတာ၊ ရီကရော အခု ဘယ်မှာ နေနေလဲ၊ ကိုလည်း ထွက်သွားပြီးကတည်းက ရီ့သတင်း ဘာမှမသိတော့ဘူး”
“ရီ အခု ရန်ကုန် ကမ္ဘာအေးမှာ၊ အခု သူငယ်ချင်းက ဆရာကန်တော့ပွဲ အတင်းခေါ်လို့၊ မနက်ဖြန် ညကားနဲ့ ရန်ကုန် ပြန်မယ်”
“ကိုယ်ကတော့ ၂ ပတ်လောက် ကြာဦးမယ်၊ ဒီမှာ အမေတို့နဲ့ တစ်ပတ်လောက်နေ၊ ပြီးရင် နည်းနည်းပါးပါး လျှောက်လည်မလားလို့”
“ဘယ်တွေလည်မလို့လဲ”
“ရှမ်းပြည်ဘက် ကလောတို့ လားရှိုးတို့ အင်းလေးတို့ မရောက်ဖူးသေးလို့၊ မသိသေးပါဘူး၊ သူငယ်ချင်းတွေနဲ့ ညှိကြည့်ရဦးမယ်”
စကားပြောနေတုန်း မှာထားသည့် စားစရာ လာချတော့ စကားစ ပြတ်သွားသည်။ ကျနော်က မုန့်ဟင်းခါးပန်းကန်ကို ဇွန်းနဲ့မွှေကာ နည်းနည်းမြည်းကြည့်လိုက်ပြီး
“ကောင်းသားဘဲ မဆိုးဘူး”
“မော်လမြိုင် မုန့်ဟင်းခါးကတော့ ဘယ်ဆိုင်စားစား ကောင်းပါတယ်၊ မော်လမြိုင် အစားလေ ကိုဇော်မေ့နေပြီလား”
“အင်း ဟုတ်သား၊ ဒါကြောင့် မော်လမြိုင်သူတွေ ဝ တာ၊ ဟား ဟား။ ဒါပေမဲ့ ရီက မဝပါဘူး၊ မော်လမြိုင် မနေတော့လို့ ဖြစ်မယ်”
“ရီက ကိုယ့်ကိုယ်ကို ဝိတ်ထိန်းနေတာ၊ ဝလာတယ် ထင်ရင် တရားသွားဝင်လိုက်ရော၊ ခစ် ခစ် ခစ် ခစ်”
“ဟား ဟား ဟား ဟား တယ်ဟုတ်ပါလား၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ဒါနဲ့ ရီ့ အိမ်ထောင်ရေးရော”
“ဒီလိုပါဘဲ၊ သူလည်း သူ့စီးပွားရေးနဲ့သူ ရှုပ်နေတာ၊ အခုက အပြိုင်အဆိုင်များတော့ ပိုဆိုးပေါ့”
“ရီနဲ့ရော အဆင်ပြေလား”
“ဒီလိုပါဘဲလေ၊ ဒါတွေ မပြောချင်ပါဘူး”
“သားသမီးရော . ..”
“တစ်ယောက်ဘဲ၊ သမီးလေ၊ ဆရာဝန်အောင်ပြီးပြီ၊ အခု ဟောက်စ် ဆင်းနေတယ်၊ ကိုဇော်ရော”
“သား တစ်ယောက်ထဲဘဲ၊ ကွန်ပြူတာ အင်ဂျင်နီယာ၊ မနှစ်က အောင်ပြီး အခု အလုပ်လုပ်နေပြီ”
“အိမ်ထောင်ရေး အဆင်ပြေလား မေးတာ”
“ရန်တော့ ခဏခဏ မဖြစ်ပါဘူး၊ ဒီလိုပါဘဲ လူ့တာဝန်အရလေ၊ ရင်ထဲက ခံစားချက်က သပ်သပ်၊ လက်တွေ့ဘဝက သပ်သပ် ဖြစ်နေတာ၊ ကိုယ်ဘာကို ဆိုလိုလဲ ဆိုတာ ရီသိမှာပါ၊ အခု ရီနဲ့တွေ့တာ ကိုယ်တော်တော် ပျော်သွားတာ၊ ရုတ်တရက်ကြီး ကမ္ဘာသစ်ထဲ ရောက်သွားသလိုဘဲ”
“ခစ် ခစ် ခစ် ခစ် ကိုဇော်က နိုင်ငံခြားမှာ နေပေလို့ဘဲ၊ တစ်ခါတည်း နားလည်အောင် ပြောတတ်တယ်၊ ရီတောင် အဲလို မပြောတတ်ဘူး ခစ် ခစ် ခစ် ခစ်”
“ပြောတတ်တာ မဟုတ်ဘူးလေ၊ ကိုယ်က စိတ်ထဲက ဖြစ်နေတာကို အမှန်ပြောပြတာ၊ ရီလည်း ကိုယ့်လိုဘဲလား”
“မသိဘူးလား”
“ဟဲ ဟဲ ဟဲ ဟဲ၊ မသိဘူးဆိုရင် ရီက ကိုယ့်ကို ငတုန်း လို့ ပြောမယ်ထင်တာဘဲ”
“ခစ် ခစ် ခစ် ခစ် ကိုဇော်ကတော့လေ၊ အရင်က ကိုဇော်မှ ဟုတ်ရဲ့လား”
စကားသွက်နေတဲ့ ကျနော့်ကို အရင်နဲ့ မတူတဲ့ သဘောမျိုးနဲ့ ပြောတာမို့
“အော် ရီကလည်း အသက်က ကြီးလာတော့ သတ္တိလည်း ရှိလာပြီလေ၊ ရီတောင်မှ အရင်ကလို ထွက်ပြေးနေတဲ့ ရီ မဟုတ်တော့တဲ့ဟာ၊ သူများချည်း မပြောနဲ့လေ”
“အင်းနော် ထူးဆန်းတယ်၊ ရီ့စိတ်ထဲ ကိုဇော်နဲ့ တွေ့တော့ အရမ်းပျော်သွားသလိုဘဲ၊ တစ်ခါမှ အဲ့လို စိတ်လွတ်ကိုယ်လွတ် မပျော်ဖူးဘူး”
“ကိုယ်လည်း ဒီလိုဘဲ၊ ကိုယ့်စိတ်ထဲမှာ ရီ့ကို အရမ်းရင်းနှီးနေသလိုဘဲ၊ အလိုလိုပျော်နေတာ”
ရင်ဖွင့်မိသလို ပြောရင်း တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။ ကျောင်းသားဘဝ ကတည်းက ရီနှင့် မျက်လုံးချင်းဆုံနေကြ။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောဖူးသော်လည်း အလိုလို အကြည့်တွေကို နားလည်နေသလို ခံစားလိုက်ရသည်။ စကားမဆက်ဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် ခဏညိမ်သွားကာ မှာထားသည့် ကော်ဖီကို နှစ်ယောက်သား သောက်ရင်း